
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းက ကျေးရွာ ၇ ရွာကို ဒီဇင်ဘာ ၁ ရက်ကစပြီး ၅ ရက်အတွင်း စစ်ကောင်စီတပ်က မီးရှို့ခဲ့တာကြောင့် လူနေအိမ် ၄၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ပြီလို့ ဆားလင်းကြီးဒေသခံတွေက ပြောပါတယ်။
အခု ဆားလင်းကြီးမြို့နယ်အတွင်း မီးရှို့နေတဲ့ စစ်တပ်ဟာ နိုဝင်ဘာ ၃၀ ရက်ကစပြီး စစ်ကြောင်းထိုးလာတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဆာလင်းကြီး ဒေသခံတဦးက “သူတို့က နိုဝင်ဘာ ၃၀ ရက်နေ့က ချင်းတွင်းမြစ်ထဲက စစ်သင်္ဘောတွေဆီကနေ ကျနော်တို့မြို့နယ်အတွင်းထဲကို အင်အားအလုံးအရင်းနဲ့ ဝင်လာတာဗျ။ စလာလာချင်း ထန်းဇင်ကျေးရွာက အိမ် ၂၄ လုံးကို မီးရှို့တယ်။ နောက်ရက်တွေလည်း ထပ်ပြီးမီးရှို့တယ်။ သူတို့မီးရှို့တဲ့ရွာတွေက ဆားထုံးရွာသစ်က အိမ်ခြေ ၂၀၀ ကျော်၊ လက်ပံကျွန်းရွာ ၃၂ အိမ်၊ တောကျောင်းရွာ ၃၂ အိမ်၊ ရေမိန်တောင်ရွာက အိမ်ခြေ ၅၀ ကျော် မီးလောင်ဆုံးရှုံးထားတယ်ဗျ။ ပြည်သူတွေလည်း အကုန်ထွက်ပြေးနေကြရတယ်” လို့ ပြောပါတယ်။
အခုလို စစ်ကောင်စီတပ်က ကျေးရွာတွေကို မီးရှို့တဲ့အပြင် ဆားထုံးရွာသစ်က အသက် ၈၀ ကျော် အဘွားအို ၂ ဦးကိုလည်း မီးရှိုသတ်ခဲ့တယ်လို့ ဒေသခံ ပြည်သူတွေက ပြောပါတယ်။
ဆာလင်းကြီးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ စစ်တပ်အတွင်းမှာ ရှမ်းနီတပ်တွေ ပါနေတယ်လို့လည်း ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
ဆားလင်းကြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးဖြစ်တဲ့ ဆရာစွမ်းက “စစ်ကောင်စီတပ်တခုတည်း မဟုတ်တော့ဘူး။ ရှမ်းနီတပ်တွေပါ ပါနေတယ်။ ဘာကြောင့် အဲလိုပြောနိုင်တာလဲဆိုတော့ ကျနော်တို့ကင်းထောက်တွေ ပုန်းပြီး ကင်းထောက်နေတော့ သူတို့ တဦးနဲ့တဦး ရှမ်းနီစကားတွေနဲ့ ပြောနေသံ ကြားခဲ့ရတာ။ စစ်ကောင်စီတပ်တွေကို ဘာပြောချင်လဲဆိုရင် မဆိုင်တဲ့ပြည်သူအိမ်ကို မီးမရှို့နဲ့၊ သတ္တိရှိရင် ငါတို့ကို တွေ့အောင်ရှာပြီး တိုက်လှည့်ပါလို့ပဲ ပြောချင်တယ်” လို့ ပြောပါတယ်။
အခု စစ်ကောင်စီတပ် မီးရှို့နေတဲ့ ကျေးရွာတွေဟာ ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းက ကျေးရွာအများစုဖြစ်ပြီး စစ်ကောင်စီကတော့ ဒီနေ့ ဒီဇင်ဘာ ၅ ရက် ညနေမှာ ဆာလင်းကြီးမြို့နယ် တယားကျေးရွာအတွင်း ရောက်ရှိနေပြီဖြစ်တယ်လို့လည်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်းက ရွာမီးရှို့ခံရလို့ ထွက်ပြေးလာတဲ့ ကျေးရွာ ၃ ရွာက ပြည်သူ ၁,၀၀၀ နီးပါးအတွက် စားနပ်ရိက္ခာ၊ ခြင်ထောင်နဲ့ အနွေးထည်တွေ အရေးပေါ် လိုအပ်နေတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။
ရွှေဘိုခရိုင်အတွင်းရှိ စစ်ရှောင်စခန်းကို ရောက်ရှိလာတဲ့ မီးဘေးရှောင်ပြည်သူ ၁,၀၀၀ နီးပါးဟာ ဒီးပဲယင်းမြို့ ညောင်လှ၊ ကံကုန်း၊ မူးရိုးကုန်း တို့ကဖြစ်ပြီး ဒီဇင်ဘာ ၃ ရက် မွန်းလွဲပိုင်းမှာ စစ်ကောင်စီတပ်က ကျေးရွာတွေကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ညောင်လှရွာနဲ့ ကံကုန်းရွာက ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်း အပါအဝင် အိမ်ခြေ ၆၀ ကျော် မီးလောင် ပျက်စီးသွားတယ်လို့ သိရပါတယ်။
မီးဘေး၊ စစ်ဘေး၊ ပညာရေး စောင့်ရှောက်မှုအဖွဲ့ တာဝန်ရှိသူက “၄ ရက်နေ့ ညနေပိုင်းကတည်းက ပြေးလာကြတာဗျ။ ပြေးလာတဲ့လူဦးရေ ၈၀၀ နဲ့ ၁,၀၀၀ ကြားမှာ ရှိပါတယ်။ သူတို့အတွက် ခြင်ထောင်နဲ့ အနွေးထည်တွေ အရေးပေါ် လိုအပ်နေပါတယ်။ နောက်ပြီး စားနပ်ရိက္ခာအတွက် တော်တော်လေး အခက်အခဲ တွေ့နေပါတယ်။ လောလောဆယ် ရန်ပုံငွေလက်ကျန်နဲ့ ကျွေးမွေးဖို့ စီစဥ်ထားတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ကလည်း S&C မီးဘေး၊ စစ်ဘေး၊ ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့နဲ့ K.T.L.F လူမှုကူညီရေးအဖွဲ့တို့ ပူးပေါင်းပြီး ရွှေဘိုခရိုင်အတွင်းရှိ စစ်ဘေးသင့်ပြည်သူ အယောက် ၁၆၀ အတွက် ထမင်းတနပ်စာ လှူဒါန်းကျွေးမွေးခဲ့ပါတယ်။