
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ် ကျောင်းကုန်းလမ်းဆုံးနားက ရွှေချောင်းရွာနဲ့ ပဲခင်းကျေးရွာနှစ်ရွာကို ဒီဇင်ဘာ ၅ ရက်မနက်ပိုင်းမှာ စစ်ကောင်စီတပ်က တပြိုင်တည်း ထပ်မံမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဒေသခံရွာသားတဦးက “ဒီနေ့တိုက်ပွဲဖြစ်တာတော့ မရှိဘူး။ ဒါပေမဲ့ ကျောင်းကုန်းလမ်းဆုံနားက လမ်းမကြီးပေါ်ကနေတော့ ဝင်သွားရတဲ့ ရွှေချောင်းနဲ့ ပဲခင်းရွာနှစ်ရွာကို မနက်ပိုင်းလောက်ကနေ မီးရှို့နေတယ်၊ ညနေ ၅ နာရီကျော်၊ ၆ နာရီလောက်ဆိုရင် မီးခိုးတွေ တက်တာတော့ မတွေ့ရတော့ဘူး။ အိမ်ခြေဘယ်လောက်ပါသွားတယ်ဆိုတာတော့ မသိရသေးဘူး။ ပြည်သူတွေ အားလုံးလည်း ထွက်ပြေးနေရပြီ” လို့ ပြောပါတယ်။
မီးရှို့ခံရတဲ့ ကျေးရွာနှစ်ရွာအပြင် အနီးအနားက ကျေးရွာအများစုမှာ နေထိုင်ကြတဲ့ ပြည်သူတွေလည်း လုံခြုံတဲ့ ယာခင်းတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ထွက်ပြေး တိမ်းရှောင်နေကြတဲ့ ပြည်သူအများစုဟာ အဝတ်အထည်ကိုယ်တစ်ခုနဲ့သာ ထွက်ပြေးနေရတာကြောင့် အစားအသောက်နဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေပါတယ်။
ထီးချိုင့်မြို့နယ်က ဒေသခံတစ်ဦးက“ စစ်ကြောင်းထိုးလာပြီဆိုတာနဲ့ ထွက်ပြေးတိမ်းရှောင်ကြတော့၊ ဘာမှမယူလာကြဘူး၊ အခုလည်း အခင်းတွေမှာ မိုးကာရွက်ထိုးပြီး နေထိုင်နေကြတာပေါ့၊ အခက်အခဲတွေကတော့ မပြောနဲ့တော့၊ လောလောဆယ်က ကလေးတွေကော၊ အသက်ကြီးတဲ့သူတွေကောပါတော့ ဆေးဝါးတွေလိုတာပေါ့။ အစားသောက်ပါတွေပေါ့။ ကူနိုတဲ့ရွာတွေကလာတော့ ကူညီပေးကြပါတယ်။ လူများတော့ဘယ်လောက်မလဲ။ အရင်ရက်တွေက လောင်သွားတဲ့ ရွာက လူတွေဆို ဘာမှကို မယူလာနိင်ဘူး” လို့ ပြောပါတယ်။
ထီးချိုင့်မြို့နယ်ထဲမှာ လွန်ခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်နေ့ကတည်းက ကျေးရွာ ၇ ရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး ကျေးရွာ ၇ ရွာက အိမ်ထောင်စုပေါင်း ၄၀၀ ကျော် လောက်ပျက်စီးခဲ့သလို ကျေးရွာ ၂၀ ကျော်က ပြည်သူတွေလည်း နီးစပ်ရာ ပတ်ဝန်းကျင်တွေမှာ ထွက်ပြေး တိမ်းရှောင်နေကြ ရပါတယ်။
စစ်ကောင်စီစစ်ကြောင်းတွေဟာ ထီးချိုင့်မြို့ပတ်ဝန်းကျင်က ကျေးရွာတွေမှာ စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှား နေသေးတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ စစ်ရေးတင်းမာနေဆဲ ဖြစ်ပါတယ်။