Home
မြန်မာသတင်း
မြန်မာနိုင်ငံကို ကိုယ်စားပြုသူရွေးချယ်ရန် ရုရှားကြောင့် ကုလသမဂ္ဂ မဆုံးဖြတ်နိုင်သေး
DVB
·
December 6, 2022

ပဋိပက္ခတွေကြား ယိုယွင်းပျက်စီးလာနေတဲ့ မြန်မာနိုင်ငံရဲ့ကိုယ်စားလှယ်အဖြစ် ကုလသမဂ္ဂမှာ ဘယ်သူ့ကိုလက်ခံမလဲဆိုတဲ့ အဖြေရရေးအတွက် နိုင်ငံတကာရဲ့ သဘောတူညီချက်ကို ရုရှားရဲ့ ငြင်းဆန်မှုကြောင့် အတည်မပြုနိုင်သေးဘူးလို့ အယ်လ်ဂျာဇီးယား သတင်းမှာ ဖော်ပြပါတယ်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ရွေးကောက်ခံအစိုးရက ခန့်အပ်ထားတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုပဲ ဆက်လက်လက်ခံထားရှိမလား၊ ၂၀၂၁ ခုနှစ် ဖော်ဖော်ဝါရီလမှာ အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီက ခန့်အပ်မယ့် ကိုယ်စားလှယ်ကို လက်ခံမလားဆိုတာနဲ့ ပတ်သက်ပြီး တရုတ်၊ ရုရှားနဲ့ အမေရိကန်တို့အပါအဝင် အဖွဲ့ဝင် ကိုးနိုင်ငံနဲ့ဖွဲ့စည်းထားတဲ့ ကုလသမဂ္ဂရဲ့ အရည်အချင်းစစ် ကော်မတီဟာ နိုဝင်ဘာလ ၂၉ ရက်က စတင်ကာ အစည်းအဝေးထိုင်ခဲ့ကြပါတယ်။ 

ဒီကိစ္စအတည်ပြုပေးမယ့်  ကုလသမဂ္ဂအထွေထွေညီလာခံမှာ အဲဒီကော်မတီကနေ အကြံပြုချက်တွေကို တင်ပြသွားရမှာ ဖြစ်ပါတယ်။

ကုလသမဂ္ဂအရည်အချင်းစစ်ကော်မတီဟာ ဦးကျော်မိုးထွန်းကိုပဲ နောက်ထပ်တစ်နှစ်ထားရှိဖို့ အစပိုင်းမှာ သဘောတူညီခဲ့ကြတယ်လို့ အစည်းအဝေးမှာ ပါဝင်ခဲ့တဲ့ အနောက်နိုင်ငံတစ်ခုက နိုင်ငံရေးသမားတစ်ယောက်ရဲ့ပြောဆိုချက်ကို ကိုးကားပြီး အယ်လ်ဂျာဇီးယား သတင်းမှာ ရေးပါတယ်။ “အစည်းအဝေးတစ်လျှောက်လုံးမှာ ပြဿနာက ရုရှားပဲ” လို့လည်း သူက ပြောခဲ့တယ်လို့ဆိုပါတယ်။

ကုလသမဂ္ဂအရည်အချင်းစစ်ကော်မတီက ဆုံးဖြတ်ချက်ချဖို့ အချိန်နောက်ဆုတ်လိုက်ရတာကြောင့် နိုင်ငံတကာက ဖယ်ကျဉ်ထားတဲ့ မြန်မာစစ်အုပ်စုကိုယ်စား ရုရှားက ကြားဝင်ဆောင်ရွက်မှုတွေ ရှိလာမှာကို ဝေဖန်သူတွေက စိုးရိမ်နေကြပါတယ်။ ကုလသမဂ္ဂအရည်အချင်းစစ်ကော်မတီမှာ ဆုံးဖြတ်ချက်မချနိုင်ခဲ့ရင် ကုလသမဂ္ဂအထွေထွေညီလာခံမှာ မဲခွဲဆုံးဖြတ်ရတဲ့ အခြေအနေ ဖြစ်လာနိုင်ပါတယ်။

“ရုရှားက တကယ်ပြဿနာ။ ဖြစ်မှာပဲလေ။ ၂၀၂၁ ခုနှစ်က ကုလသမဂ္ဂမှာ NUG က ကိုယ်စားလှယ်ကို မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ်နဲ့ ရုရှားက သဘောတူခဲ့တယ်ဆိုပေမဲ့ ယူကရိန်းကို သွားကျူးကျော်ပြီးတဲ့နောက်မှာ စစ်ရေးပြဿနာတွေရှိနေတဲ့ အခုရုရှားရဲ့ နိုင်ငံရေးအခြေအနေက အရမ်းကွာသွားပြီ” လို့ အမေရိကန်ပြည်ထောင်စု၊ National War Collegeမှာ  အရှေ့တောင်အာရှနိုင်ငံရေးကို ဦးစားပေးသင်ကြားနေသူ ပါမောက္ခ ဇာခရီအဘူဇာ ကပြောပါတယ်။

“ရုရှားအတွက်တော့ မြန်မာနိုင်ငံဟာ ဒုတိယတန်းစားဖောက်သည်နိုင်ငံတစ်နိုင်ငံပဲဖြစ်ပါတယ်။ ဒါပေမဲ့ အခုအခြေအနေမှာ ရုရှားအတွက် မိတ်ဖက်နိုင်ငံအရမ်းကို နည်းလာသလို မင်းအောင်လှိုင်ကလည်း နိုင်ငံတကာအသိအမှတ်ပြုမှုရရှိရေးအတွက် ရုရှားကို အရမ်းကပ်ယက်ဖားယားမြှောက်ပင့်နေတာ တွေ့ရပါတယ်” လို့ ပါမောက္ခ ဇာခရီအဘူဇာ  ကပြောပါတယ်။ 

မြန်မာနိုင်ငံရဲ့ ကိုယ်စားပြုဘယ်သူဖြစ်လာမလဲဆိုတဲ့ မေးခွန်းဟာ ယူကရိန်းကို ရုရှားက ဝင်ရောက်ကျူးကျော်ခဲ့ပြီးနောက် ပိုမိုတင်းမာလာတဲ့ ပထဝီဝင်နိုင်ငံရေး အခြေအနေတွေကြောင့် အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားနေသူတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ရောင်ပြန်ဟပ်နေပါတယ်။ 

ဒီအရေးမှာ ရုရှားနဲ့ တရုတ်တို့က တစ်ဘက်ဖြစ်နေတဲ့အပေါ် NATO အတွင်းရေးမှူးချုပ် ယန်းစတော့တမ်ဘာ့ဂ်က အာဏာရှင်နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုလို့ သုံးနှုန်းဖော်ပြခဲ့ပါတယ်။

တခြားတစ်ဘက်မှာရပ်တည်နေတဲ့ နိုင်ငံတကာအသိုင်းအဝိုင်းဟာလည်း တဖြည်းဖြည်းနဲ့ ကျယ်ပြန့်လာခဲ့တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။ အာဏာရှင်ဗလာဒီမယာပူတင်နဲ့ ရှီကျင်းဖျင်တို့ကတော့ လက်လျော့မယ့် အရိပ်အယောင်မပြသေးသလို ရုရှားဟာ မြန်မာနိုင်ငံက အာဏာသိမ်းစစ်ခေါင်းဆောင်တွေနဲ့ ပိုမိုရင်းနှီးတဲ့ဆက်ဆံရေးရှိလာနေပါတယ်။ 

ဒီလိုအခြေအနေတွေရှိနေပေမယ့်လည်း အမေရိကန်၊ တရုတ်နဲ့ ရုရှားတို့ကတော့ မြန်မာနိုင်ငံရဲ့ ကိုယ်စားလှယ်အရေးနဲ့ ပတ်သက်လို့ လူသိရှင်ကြားငြင်းခုန်လိုကြမှာ မဟုတ်ဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်သံအမတ်ဟောင်း ဝါရင့်နိုင်ငံရေသမား လက်တီတရာ ဗန်ဒန်အာဆင်ကပြောပါတယ်။ 

“ဒီအင်အားကြီးနိုင်ငံတွေဆီမှာက သူတို့ကိုယ်ပိုင်ပြဿနာတွေကို အများကြီး။ ဘယ်လိုပဲဖြစ်ဖြစ် တရုတ်နဲ့ ရုရှားတို့ကတော့ ဦးကျော်မိုးထွန်းကို လိုလားမှာမဟုတ်တာ အသေအချာပဲ။

မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း ကုလသမဂ္ဂမှာ ကိုယ်စားလှယ်အဖြစ်ဆက်ရှိနေတဲ့ ဦးကျော်မိုးထွန်းဟာ ယူကရိန်းအပေါ် ရုရှားရဲ့ ကျူးကျော်စစ်ကို ဆန့်ကျင်ရှုတ်ချခဲ့ပြီး ရုရှားနိုင်ငံကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့အဖွဲ့ဝင်အဖြစ်ကနေ ဖယ်ရှားဖို့အတွက်လည်း မဲပေးခဲ့ပါတယ်။

ဦးကျော်မိုးထွန်းရဲ့ နောက်မှာ စစ်အာဏာရှင်ဆန့်ကျင်တဲ့မြန်မာပြည်သူတွေနဲ့  ပြည်သူ့မဲနဲ့ ရွေးကောက်ခံခဲ့ရတဲ့ လွှတ်တော်အမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရက ကျောထောက်နောက်ခံပေးထားတာ ဖြစ်ပါတယ်။

မြန်မာစစ်အာဏာရှင်အုပ်စုနဲ့ နဂိုတည်းကမှ ခပ်တန်းတန်းဆက်ဆံရေးသာရှိတဲ့ အာဆီယံဒေသတွင်းက အိမ်နီးချင်းနိုင်ငံတွေတောင်မှ ပိုပြီးထင်ထင်ရှားရှား ဆန့်ကျင်လာကြတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ရဲ့ အပယ်ခံ အာဏာရှင်စစ်အုပ်စုကိုတော့ တရုတ်နဲ့ ရုရှားတို့က ဗြောင်ကျကျ ကျောထောက်နောက်ခံပေးထားတယ်လို့ Aljazeera က ရေးပါတယ်။

မင်းအောင်လှိုင်ကို ရုရှားကိုဖိတ်တာ၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ စီးပွားရေးပိတ်ဆို့မှုတွေကနေ စစ်အာဏာရှင်တွေကို ကာကွယ်ပေးတာ၊ လက်နက်နဲ့ ရေနံတွေ တင်ပို့ရောင်းချခြင်းတွေကိုလုပ်ဆောင်ရင်း ရုရှားဟာ မြန်မာစစ်တပ်ကို ပေါ်ပေါ်ထင်ထင်ပဲ ထောက်ပံ့ကူညီနေတာပါ။

“ဦးကျော်မိုးထွန်းကို နောက်တစ်နှစ်ဆက်ထားဖို့ သဘောတူညီခဲ့တာကလွဲရင် စစ်အာဏာရှင်တွေကို ဖိအားပေးဖို့အတွက် သဘောတူညီချက်ရရှိရေးမှာတော့ ရုရှားက ညှိနှိုင်းရခက်နေတယ်။ ပြီးတော့ စစ်အာဏာရှင်တွေကိုလည်း လူသိရှင်ကြားထောက်ပံ့ပေးနေတာ တွေ့ရတယ်” လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း စကော့မာရှယ် ကပြောပါတယ်။

“၂၀၂၁ ခုနှစ်နဲ့ မတူတော့ဘူး။ အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ထောက်ပံ့ကူညီနေသူတွေကကျတော့ ရုရှားက မြန်မာအာဏာရှင်စစ်တပ်ကို ကူညီနေသလို ထိထိရောက်ရောက် မကူညီနိုင်ကြသေးဘူး” လို့ စကော့မာရှယ်ကပြောပါတယ်။ 

ရုရှားနိုင်ငံက ဗလာဒီဗော့စတော့မှာ ကျင်းပခဲ့တဲ့ အရှေ့ဖျားစီးပွားရေးဖိုရမ်ကို တက်ရောက်ရင်း ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာ ပူတင်နဲ့ ပထမဆုံးအကြိမ်အဖြစ် မင်းအောင်လှိုင်တွေ့ခွင့်ရခဲ့ပါတယ်။ ပြီးခဲ့တဲ့လ ထဲမှာ မြန်မာစစ်ကောင်စီရဲ့ သိပ္ပံနဲ့နည်းပညာဝန်ကြီးဌာနက ကိုယ်စားလှယ်တစ်ယောက်ကလည်း ရုရှားနိုင်ငံက အဏုမြူစွမ်းအင်ထုတ်စက်ရုံတစ်ရုံကို သွားရောက်လေ့လာခဲ့ပြီး သဘောတူညီမှုတချို့ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

အဲဒီသဘောတူညီချက်တွေထဲမှာ အသေးစားအဏုမြူဓါတ်ပေါင်းဖိုတစ်ခု ပါဝင်တဲ့ အဏုမြူစွမ်းအင်နည်းပညာဌာနတစ်ခု ရန်ကုန်မှာတည်ဆောက်သွားဖို့လည်း ပါဝင်ကြောင်း စစ်တပ်ကိုစွန့်ခွာလာတဲ့ ဗိုလ်ကြီးကောင်းသူဝင်းက ပြောပါတယ်။

“မြန်မာစစ်တပ်ကတော့ ဒီအဏုမြူနည်းပညာနဲ့ လက်နက်မထုတ်ဘူးလို့ ပြောတာပဲ။ ဒါပေမယ့် ဘယ်သူမှမမြင်မတွေ့ရတဲ့ အခြေအနေမှာ အဏုမြူစက်ရုံတည်ဆောက်ပြီးတာနဲ့ သူတို့လက်နက်ထုတ်ကြမှာပဲ။ မြန်မာနိုင်ငံသားတွေအတွက်လည်း အန္တရာယ်ရှိလာနိုင်တာပဲ” လို့ ဗိုလ်ကြီးကောင်းသူဝင်းကပြောပါတယ်။ 

ရုရှားက အဆင့်မြင့်အရာရှိတွေနဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေရဲ့ တွေ့ဆုံဆွေးနွေးမှုတွေကို တရုတ်ကလည်း သတိထားမိနေပါတယ်။ 

“လတ်တလောမှာ မြန်မာစစ်ကောင်စီကို ဒေသတွင်းအစည်းအဝေးအားလုံးနီးပါးမှာ တက်ရောက်ခွင့် ပိတ်ပင်ထားသလို အနောက်နိုင်ငံတချို့ကလည်း စီးပွားရေးပိတ်ဆို့မှုတွေ ချမှတ်ထားပါတယ်။ ပိုပိုပြီး အထီးကျန်လာတဲ့ မြန်မာဟာ ရုရှားဆီကနေ နိုင်ငံရေးနဲ့ စစ်ဘက်ဆိုင်ရာ လက်နက်ပစ္စည်းအထောက်အပံ့တွေကို ပိုအားကိုးလာပါတော့တယ်။”လို့ အခုနှစ်အစောပိုင်းမှာထုတ်ဝေခဲ့တဲ့ တရုတ်နိုင်ငံက တက္ကသိုလ်ကျောင်းဆရာ လင်ရှီရှင်းရဲ့ လေ့လာသုံးသပ်ချက်မှာ ထည့်သွင်းရေးသားထားပါတယ်။

လင်ရှီရှန်းဟာ တရုတ်နိုင်ငံတောင်ပိုင်းက ဂွမ်ဂျိုးမြို့မှာတည်ရှိတဲ့ ဂျီနန်တက္ကသိုလ်ကဆရာဖြစ်ပြီး တရုတ်အစိုးရအတွက်လည်း အလုပ်လုပ်ပေးခဲ့ဖူးသူဖြစ်ပါတယ်။

“မြန်မာနိုင်ငံရဲ့ နိုင်ငံရေးရပ်တည်ချက်ဟာ ရုရှားပေါ်ကို လုံးလုံးလျားလျားမှီခိုလိုက်ပြီး နိုင်ငံရေးကစားပွဲမှာလည်း ယုံကြည်မှုပိုရှိလာတယ်”လို့ ၂၀၂၃ ခုနှစ်မှာရွေးကောက်ပွဲလုပ်မယ့် မြန်မာစစ်တပ်ရဲ့ အစီအစဉ်ကိုရည်ရွယ်ပြီး သူကပြောပါတယ်။ 

တရုတ်ရဲ့ လက်တွေ့ကျတဲ့ အသိအမှတ်ပြုမှု၊ အိန္ဒိယရဲ့ အသိအမှတ်ပြုမှုနဲ့ ရုရှားရဲ့ ထင်ထင်ရှားရှား ခိုင်ခိုင်မာမာအားပေးထောက်ခံမှုတွေကို အထီးကျန် မြန်မာစစ်ကောင်စီဟာ သာယာနေပုံရတယ်လို့ ဒီဇင်ဘာ ၁ ရက်မှာ စင်္ကာပူအခြေစိုက် အရှေ့တောင်အာရှနိုင်ငံများလေ့လာသုံးသပ်ရေးအဖွဲ့ (ISEAS-Yusof Ishak Institute) မှ ဂျိုအန်လင်းနဲ့ မိုးသူဇာတို့ ဖတ်ကြားခဲ့တဲ့ စာတမ်းမှာ ရေးသားဖော်ပြထားပါတယ်။

မင်းအောင်လှိုင်ကလည်း တရုတ်နဲ့ ရုရှားတို့ရဲ့ ကျေးဇူးကို အလျင်အမြန်ပဲပြန်ဆပ်ခဲ့ပါတယ်။ ယူကရိန်းအပေါ်ရုရှားရဲ့ကျူးကျော်စစ်ဟာ မှန်ကန်ကြောင်း မြန်မာစစ်အာဏာရှင်အဖွဲ့က ထောက်ခံပြောဆိုခဲ့သလို ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းမှာ ထိုင်ဝမ်ကျွန်းကို သွားရောက်ခဲ့တဲ့ အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပယ်လိုစီရဲ့လုပ်ရပ်ဟာ ဒေသတွင်းတည်ငြိမ်ရေးကို ပျက်ပြားစေတယ်လို့ စစ်တပ်ရဲ့ လက်ဝေခံ ကြံ့ခိုင်ရေးပါတီက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ 

ရုရှား၊ တရုတ်နဲ့ အိန္ဒိယတို့ရဲ့ ပြစ်တင်ဝေဖန်ခြင်းမရှိ အစဉ်တစ်စိုက် ထောက်ပံ့ကူညီမှုတွေကြောင့် စစ်အာဏာရှင်တွေဟာ လက်နက်ကိုင်အဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေအပါအဝင် အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်မှုတွေရှိနေတဲ့ကြားက ဆက်လက်ရပ်တည်နေနိုင်တာဖြစ်တယ်လို့ နိုင်ငံတကာက လွှတ်တော်အမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့တစ်ခုက လေးလကြာလေ့လာပြီးနောက် ကောက်ချက်ချခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်တွေရဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေကြောင့် လူပေါင်း ၂၅၀၀ ကျော်သေဆုံးခဲ့ရပြီးဖြစ်တယ်လို့  နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အချက်အလက်တွေအရ  သိရပါတယ်။

Ref- Aljazeera

Photo-NUG

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024