နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် တရားစွဲထားတဲ့ ရဟတ်ယာဉ်အမှုနဲ့ပတ်သက်ပြီး ပို့ဆောင်ဆက်သွယ်ရေးဌာန ဒုဝန်ကြီးကို တရားခံပြသက်သေအဖြစ် ဒီဇင်ဘာ ၅ ရက်က နေပြည်တော်အချုပ်ရှိ အထူးသီးသန့်တရားရုံးမှာ စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။
ရဟတ်ယာဉ်နဲ့ပတ်သက်တဲ့ အဂတိငါးမှုလုံးအတွက် စွဲချက်တင်အမိန့်ချကာ ပြန်ခေါ်သက်သေတွေနဲ့ စွပ်စွဲခံရသူတွေဖြစ်တဲ့ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို စစ်ဆေးပြီး ဒီနေ့ရုံးချိန်းမှာ တရားခံပြသက်သေ ဒုဝန်ကြီး ဦးသာဦးကို စစ်ဆေးနေတာ ဖြစ်ပါတယ်။
“ဒီနေ့က အရင်လက်ထက် ပို့ဆက် ဒုတိယဝန်ကြီးဟောင်းကို တရားခံပြသက်သေအနေနဲ့ စစ်တယ်။ စွပ်စွဲခံရသူတွေဘက်က တရားခံပြသက်သေအနေနဲ့ ငါးယောက်၊ ခြောက်ယောက်လောက် တင်ထားတယ်” လို့ တရားရုံးနဲ့နီးစပ်သူတဦးက ပြောပါတယ်။
ဒီရဟတ်ယာဉ်ဝယ်ယူတာ၊ ငှားရမ်းတာ၊ ပြုပြင်ထိန်းသိမ်းတာတွေနဲ့ ပတ်သက်လို့ အာဏာသိမ်းစစ်ကောင်စီက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ စွပ်စွဲ တရားစွဲဆိုထားပေမဲ့ စွပ်စွဲခံရသူတွေဖြစ်တဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကတော့ လုပ်ထုံးလုပ်နည်းတွေနဲ့ အညီပဲ ဆောင်ရွက်ဖို့ ညွှန်ကြားခဲ့တယ်လို့ ထွက်ဆိုထားပါတယ်။
၂၀၂၁ ခုနှစ်အတွင်းမှာ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်တာမှာ အသုံးပြုဖို့ ရဟတ်ယာဉ်တစီး ဝယ်ယူအသုံးပြုတာ၊ ငှားရမ်းတာ၊ သက်တမ်းတိုးတာ၊ ပြုပြင်ထိန်းသိမ်းတာတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာဝင်းမြတ်အေးတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ နဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စစ်ကောင်စီ စွဲဆိုထားတဲ့ အမှုတွေထဲက ထောင်ဒဏ်ချမှတ်ခံထားရတာ စုစုပေါင်း ၂၆ နှစ်ရှိပြီ ဖြစ်ပါတယ်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် တို့အပေါ် အမိန့်ချပြီးသား အမှုတွေကိုလည်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို အယူခံတင်ထားတယ်လို့ သိရပါတယ်။