Home
မြန်မာသတင်း
ပေါက်မြို့နယ်က စစ်ရှောင်ပြည်သူ ၁၀,၀၀၀ ကျော် ကျန်းမာရေးနှင့် စားနပ်ရိက္ခာအကူအညီ လိုအပ်
DVB
·
December 5, 2022

မကွေးတိုင်း၊ ပေါက်မြို့နယ် မြောက်ပိုင်းမှာ စစ်ဘေးရှောင်ပြည်သူ ၁၀,၀၀၀ ကျော်လောက် ကျန်းမာရေးစောင့်ရှောက်မှုနဲ့ စားနပ်ရိက္ခာတွေ အရေးပေါ်အကူအညီ လိုအပ်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။

ကျေးလက်ဒေသ ပြောက်ကျားတပ်ဖွဲ့အနေနဲ့ ပေါက်မြို့နယ် မြောက်ပိုင်းကို နိုဝင်ဘာ ၁၉ ရက်ကစလို့ စစ်ကောင်စီစစ်ကြောင်း ဝင်လာတုန်းက ခံပစ်ပေးပြီး ရွာထဲက သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေကို ကယ်ထုတ်ပေးခဲ့ပေမဲ့ ကျည်ကုန်သွားတာကြောင့် နောက်ပြန်ဆုတ်ခဲ့ရတယ်လို့ ကျေးလက်ဒေသ ပြောက်ကျားတပ်ဖွဲ့ (ပေါက်) ရဲ့ ခေါင်းဆောင် ရဲဘော်ဘခက်က ပြောပါတယ်။

“ကျနော်တို့ကတော့ ဘေးပတ်ဝန်းကျင်ရွာတွေက အလှူခံလို့ ရရှိလာတဲ့ ဆန်အပါအဝင် စားနပ်ရိက္ခာ အကုန်လုံးကို စစ်ဘေးရှောင်ပြည်သူတွေကို ဝေငှပေးထားပြီး နေရေးထိုင်ရေး ကတော့ တောထဲ လွတ်တဲ့နေရာတွေမှာ မိုးကာတဲတွေ၊ လှည်းရှိတဲ့လူတွေက လှည်းအောက်မှာ ကောက်ရိုးတွေခင်းအိပ်ပြီး နေကြရတယ်။ စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာတွေ လိုအပ်သလို ကလေးတွေ ဝမ်းပျက်ဝမ်းလျှော၊ အထက်လန် အောက်လျှော ရောဂါတွေ ဖြစ်နေပြီး ဖျားနာတဲ့သူတွေရှိနေလို့ ဆရာဝန်ရှိပေမဲ့ ဆေးဝါးလုံလောက်မှုမရှိတဲ့ အတွက် ရှိတဲ့ဆေးဝါးလေးနဲ့ လိုက်လံကုသပေးထားတယ်။”

စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခဲ့လို့ ကျေးရွာ ၅ ရွာလောက်က နေအိမ် ၈၀၀ ကျော်လောက် မီးလောင်ဆုံးရှုံးခဲ့ပြီး တချို့ကျေးရွာတွေဆိုရင် ရွာလုံးကျွတ် မီးရှို့ ဖျက်ဆီးခံခဲ့ရကာ စစ်ဘေးရှောင်၊ မီးဘေးသင့်ပြည်သူ ၁၀,၀၀၀ ကျော်လောက်ရှိနေပြီလို့ ဆိုပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေဟာ ညအိပ်ရင်လည်း စောင်ပါးပါးလေးနဲ့ မြေကြီးပေါ်မှာ အိပ်ကြရပြီး အဝတ်အစား အပိုမပါဘဲ ၂ စုံ ၃ စုံလောက်သာ တနိုင်သယ်လာနိုင်ပြီး ကျန်ခဲ့တဲ့ အဝတ်အစားတွေ အကုန်လုံးကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မီးရှို့ဖျက်ဆီးသွာတယ်လို့ ဆိုပါတယ်။

ပြည်တွင်းပြည်ပ အလှူရှင်တွေအနေနဲ့ စစ်ဘေးရှောင်ပြည်သူတွေနဲ့ မီးဘေးသင့် ပြည်သူတွေကို တတ်နိုင်သရွေ့ လှူဒါန်းထောက်ပံ့မယ်ဆိုရင်တော့ ပေါက်မြို့နယ် မြောက်ပိုင်း ကျေးလက်ဒေသ ပြောက်ကျားတပ်ဖွဲ့ (RGF) ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေတဆင့် ဆက်သွယ်လှူဒါန်းနိုင်တယ်လို့ ဆိုပါတယ်။

စသိန်းကျေးရွာ စစ်ဘေးရှောင်ပြည်သူတယောက်က “ကျနော်တို့ရွာဘက်ကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာတော့ နွားလှည်းတွေ၊ ဆိုင်ကယ်တွေနဲ့ ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်ခဲ့ရတယ်။ ကာကွယ်ရေးတပ်ဖွဲ့တွေက ခံပစ်ပေးထားပြီး ကြိုပြီးရှောင်ခဲ့ရလို့ အခက်အခဲ သိပ်မရှိခဲ့ဘူး” လို့ ပြောပါတယ်။

စစ်ဘေးရှောင်တွေဟာ တောထဲမှာပဲ အဆင်ပြေသလို နေကြရပြီး ချောင်းရေကို သောက်ရတဲ့အတွက် ကလေးတွေမှာ ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ ဖျားနာရောဂါတွေ ဖြစ်ပွားနေကြတယ်လို့ ဆိုပါတယ်။

“စစ်ဘေးရှောင်တိမ်းလာတာ ၁၄ ရက်လောက်ရှိနေပြီ၊ ကျနော်တို့ရွာက ကင်းရှိတဲ့အတွက် လူငယ်တွေ ခဏတဖြုတ် ဝင်လို့ရပြီး ဂွေးဂုဏ်ကျေးရွာကိုတော့ လုံးဝ ဝင်လို့မရသေးဘူး။ ကျနော်တို့ ဘိုးဘွားတွေလက်ထက်က ဆောက်ထားတဲ့အိမ် မီးရှို့ခံလိုက်ရလို့ ဝမ်းနည်းရသလို သူတို့တွေရဲ့ ဘဝတွေလည်း ကျနော်တို့လို မကြုံပါစေနဲ့လို့ဘဲ မေတ္တာပို့တယ်။ မိရိုးဖလာ တောင်သူလုပ်ငန်းသာ လုပ်ကိုင်ကြတာဖြစ်လို့ ဒီလိုအိမ်မျိုး နောက်ထပ် အနှစ် ၃၀ အတွင်းမှာတောင် ပြန်တည်ဆောက်နိုင်ဖို့ မလွယ်ကူတော့ဘူး။”

ရွာကိုပြန်လို့ရပြီဆိုရင်တောင်မှ နေစရာအိမ်မရှိတော့တဲ့အတွက် မီးမလောင်ဘဲ ကျန်နေခဲ့တဲ့ ဆွေမျိုးတွေရဲ့ နေအိမ်နဲ့ စာသင်ကျောင်းမှာပဲ ကပ်ပြီး နေကြရတော့မှာပေါ့လို့ ဆိုပါတယ်။

ပေါက်မြို့နယ်ထဲမှာ PDF စိုးမိုးထိန်းချုပ်နယ်မြေတွေ များပြားလာလို့ စစ်ကောင်စီတပ်က အင်အားအလုံးအရင်း အသုံးပြုပြီး ထိုးစစ်ဆင်ကာ နယ်မြေ ပြန်လည်ထိန်းချုပ်ဖို့ အသဲအသန် ကြိုးစားလာသလို ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ၊ ပြည်သူတွေရဲ့ စားနပ်ရိက္ခာတွေနဲ့ အဖိုးတန်ပစ္စည်းတွေကို ခိုးယူတာတွေ၊ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024