DVB Logo
Home
မြန်မာသတင်း
တနင်္သာရီတွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ၊ စစ်ဘေးရှောင် ပလဒေသခံများ ပြန်လာရန် စစ်တပ်ခြိမ်းခြောက်
DVB
·
December 5, 2022
တနင်္သာရီတွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ၊ စစ်ဘေးရှောင် ပလဒေသခံများ ပြန်လာရန် စစ်တပ်ခြိမ်းခြောက်
1 / 4
Donate to DVB

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ မောင်းမကန်ကျေးရွာမှာရှိတဲ့ နယ်မြေ ရဲစခန်းကို ဒီဇင်ဘာ ၄ ရက် ည ၈ နာရီလောက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ရွာခံတွေက ပြောပါတယ်။

တိုက်ခိုက်မှုကြောင့် စစ်​ကောင်စီတပ်ဖွဲ့ဝင်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးတာရှိနိုင်ပြီး ည ၈ နာရီခွဲကျော်လောက်မှာတော့ ထားဝယ်မြို့ဘက်ကနေ အရေးပေါ်ကား ၄ စီးနဲ့ လူနာတွေကို လာရောက်သယ်ယူတာ ရှိတယ်လို့လည်း ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတော့ ဒီဇင်ဘာ ၅ ရက် မနက် ၁၁ နာရီလောက်အထိ တစုံတရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

နာရီဝက်ကျော်ကြာ ဖြစ်ပွားခဲ့တဲ့ အဲဒီတိုက်ပွဲအတွင်း ထားဝယ်မြို့ဘက်ကနေ စစ်ကောင်စီ တပ်ဖွဲ့ဝင်တချို့ ဗီဂိုကား ၅ စီးနဲ့ စစ်ကူသွားရောက်ခဲ့တယ်လို့လည်း သိရပါတယ်။

တိုက်ပွဲအပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ပြန်လည်ဆုတ်ခွာသွားပြီးနောက်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကျေးရွာအတွင်း သေနတ်ပစ်ခတ်တာ ဖုန်းအရောင်းဆိုင် တဆိုင်ကို ရိုက်ချိုး ဖျက်ဆီးခဲ့တယ်လို့ ရွာခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ဒီမနက်တော့ ရွာထဲ စျေးလိုက်ရောင်းနေတဲ့ သူတွေတောင် မတွေ့တော့ဘူး၊ စစ်တပ်ကတော့ လိုက်စစ်ဆေးနေတယ်၊ ရွာသားတွေ အဖမ်းခံရတာတော့ မကြားရသေးဘူး။”

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒီဇင်ဘာ ၅ ရက် မနက်ပိုင်းမှာတော့ မောင်းမကန်ရွာခံတချို့နဲ့ အနီးအနားက ကျေးရွာတွေဖြစ်တဲ့ ကျောက်ဆင်ရွာ၊ သဘော့ဆိပ်ရွာ လမ်းပိုင်းတွေမှာ လမ်းသွားလမ်းလာတွေကို စစ်ဆေးခဲ့ပေမဲ့ ဖမ်းဆီးတာတော့ မရှိသေးဘူးလို့လည်း သိရပါတယ်။

မောင်းမကန် နယ်မြေရဲစခန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ရဲတပ်ဖွဲ့ဝင် အင်အား ၂၀ ထက်မနည်းရှိနိုင်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက အမျိုးသမီးတွေ အပါအဝင် ရွာခံ ၈ ဦးခန့်ကိုလည်း ဖမ်းဆီးခဲ့ပါသေးတယ်။

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ရတနာပုံအနီးမှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က လက်နက်တွေ သိမ်းဆည်းရမိခဲ့တယ်လို့ ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း-၁ က မနေ့ ဒီဇင်ဘာ ၄ ရက်က ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၃ ရက် မနက် ၁၁ နာရီခွဲလောက်က ရတနာပုံဒေသရှိ စစ်ကောင်စီ နယ်စပ်စခန်းကုန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေဖြစ်တဲ့ KNLA တပ်ရင်း-၂၀၃၊ ပြည့်သူ့ကာကွယ်ရေးတပ်မတော် ကော့သောင်းခရိုင် အမှတ်-၁ တပ်ရင်း၊ မြိတ်ခရိုင် တပ်ရင်း-၂ နဲ့ Flying Star Force (ဘပ ပကဖ) တို့က သွားရောက်စီးနင်း တိုက်ခိုက်ခဲ့တာပါ။

၂ နာရီနီးပါး တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၃ ယောက် သေဆုံးကာ ၈ ယောက် ဒဏ်ရာရရှိတဲ့အပြင် RPG ၁ လက်၊ MA 1 ၁ လက်နဲ့ ဆက်စပ်ပစ္စည်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သိမ်းဆည်းရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နယ်စပ်စခန်းကုန်း စီးနင်းတိုက်ခိုက်ခံရတာကြောင့် စစ်ကူလာတဲ့ ကော့သောင်းအခြေစိုက် စစ်ကောင်စီတပ်ရင်းတွေက ယာဉ်တန်းနဲ့ ခြေကျင်စစ်ကြောင်းကို ဒီဇင်ဘာ ၄ ရက် မနက် ၁ နာရီခွဲလောက်မှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က စောင့်ကြိုတိုက်ခိုက်ခဲ့ပါတယ်။

ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက လမ်းတလျှောက် နေရာအနှံ့အပြား မိုင်းခွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရသူ များပြားနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဆိုပါတိုက်ပွဲတွေမှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေဘက်က ထိခိုက်မှု တစုံတရာ မရှိခဲ့ဘူးလို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

အဆိုပါတိုက်ပွဲတွေအတွင်း သေဆုံး ထိခိုက်ဒဏ်ရာရသူ စာရင်းကိုတော့ ဒီဗွီဘီအနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

တိုက်ပွဲတွေကြောင့် မြိတ်-ကော့သောင်း ခရီးသည်တင်ကားတွေ မဖြတ်သန်းရဲဘဲ ဘုတ်ပြင်းမြို့နယ် မနိုးရုံးကျေးရွာမှာ စောင့်ဆိုင်းနေခဲ့ရတယ်လို့ ဒေသခံတဦးထံက သိရပါတယ်။

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့က‌နေ ထွက်ပြေးတိမ်းရှောင်နေသူတွေ ‌နေအိမ်ပြန်မလာရင် နေအိမ်တွေကို ချိပ်ပိတ်ပစ်မယ်လို့ စစ်ကောင်စီဘက်က မြို့ထဲမှာ လိုက်လံခြိမ်းခြောက်တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံ ပြည်သူတွေက ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေကို ကြောက်ရွံ့ပြီး ထွက်ပြေးနေရတဲ့ ဒေသခံပြည်သူ အများအပြားရှိပြီး နေအိမ်တွေကို ပြန်မလာသေးဘဲ နီးစပ်ရာ‌ဒေသတွေမှာ တိမ်းရှောင်နေရတယ်လို့ ဒေသခံပြည်သူတဦးက ဆိုပါတယ်။

“ရပ်ကွက်အုပ်ချုပ်ရေးမှူးအိမ် ဗုံးဖောက်ခွဲခံရတာနဲ့ ပတ်သက်ပြီးတော့ စစ်ကောင်စီဘက်ကနေ မြို့ထဲမှာ လူ ၄၀ ကျော်လောက်ကို အကြောင်းမဲ့ ဖမ်းဆီးပြီး ရိုက်နှက်ကြလို့ ကြောက်လန့်ပြီးတော့ ထွက်ပြေးသွားကြတာ။ အခု မြို့ထဲမှာ ထွက်ပြေးနေကြတဲ့ လူတွေကို နေအိမ်ပြန်လာကြဖို့၊ တခြားနေရာ‌ဒေသတွေကိုလည်း မသွားဖို့၊ စစ်ကောင်စီဘက်ကနေ ဖိအားပေးပြီး စစ်ဆေး လုပ်ဆောင်နေကြတယ်။ ထောက်ခံစာတွေကိုလည်း စစ်ဆေးတာ‌တွေ လုပ်ဆောင်နေတယ်။ လက်ဝတ်လက်စား‌တွေ၊ အသုံးအဆောင် ‌ပစ္စည်းတွေကိုလည်း မယူဆောင်ခိုင်းဘူး။”

အဆိုပါကိစ္စနဲ့ပတ်သက်ပြီး နိုဝင်ဘာ ၂‌၄ ရက်က ပလမြို့နယ် အုပ်ချုပ်ရေးမှူးအိမ် ဗုံးဖောက်ခွဲခံရပြီး စစ်ကောင်စီဘက်က ပလမြို့နေ ပြည်သူ ၄ဝ ကျော်လောက်ကို အကြောင်းမဲ့ မတရားဖမ်းဆီးကာ ၁၄ ဦးလောက်ကို မြိတ်အကျဉ်းထောင် ပို့ဆောင်ခဲ့ပြီး ကျန်လူတွေကို ပြန်လွှတ်ပေးခဲ့ပေမဲ့ ဘယ်နှစ်ဦး လွှတ်ပေးလိုက်တယ် ဆိုတာတော့ ‌အတိအကျ မ‌သိရသေးကြောင်း ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013