DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းအတွင်း ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွား၊ ခင်ဦးစစ်ဘေးရှောင်များ အကူအညီ လိုအပ်
DVB
·
December 5, 2022
စစ်ကိုင်းတိုင်းအတွင်း ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွား၊ ခင်ဦးစစ်ဘေးရှောင်များ အကူအညီ လိုအပ်
1 / 3
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်း မုံရွာမြို့အဝင် ရေဦးဆန်ဆိုင်ဂိတ်အနီးမှာ ဒီဇင်ဘာ ၅ ရက် ဒီနေ့မနက် ၁၀ နာရီလောက်က ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မုံရွာမြို့ခံတဦးက “မနက်ကတည်းက ပစ်နေကြတာ၊ အနီးနား ဘယ်သူမှမသွားရဲဘူး၊ ထိခိုက်တဲ့ အခြေအနေတော့ မသိနိုင်သေးဘူး” လို့ ပြောပါတယ်။

ပစ်ခတ်မှုကြောင့် ပြည်သူတွေအနေနဲ့ မုံရွာဘိုးဘွားရိပ်သာအဝိုင်းပတ်ကနေ မအူစစ်ဆေးရေးဂိတ်အထိ လမ်းမကြီးတလျှောက် ဒီမနက် ၁၀ နာရီခွဲလောက်ကနေ နေ့လယ် ၁ နာရီလောက်အထိ သွားလာအသုံးပြုတာတွေ မပြုလုပ်ကြဖို့ မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေး (ပ.က.ဖ) အဖွဲ့က သတိပေး ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ထိခိုက်သေဆုံးတဲ့ အခြေအနေကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

မုံရွာ-မန္တလေး ကားလမ်းမပေါ်ရှိ ချောင်းဦး၊ မြင်းမူ လမ်းပိုင်းတွေမှာ မကြာခဏ မိုင်းဆွဲတာ၊ ပစ်ခတ်တိုက်ခိုက်တာတွေ ဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက်သေဆုံးတာတွေလည်း ရှိခဲ့ပါတယ်။

မုံရွာ၊ အရာတော် ကားလမ်းပိုင်းကိုလည်း စစ်ကောင်စီတပ်သားတွေ သွားလာလှုပ်ရှား‌တာတွေ ရှိနေတဲ့အတွက် ဒီနေ့ ဒီဇင်ဘာ ၅ ရက်က တရက်ပိတ်ထားပြီး အသွားအလာတွေ ရပ်နားထားကြဖို့ အရာတော် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်အသိပေးထားပါတယ်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် ယဉ်ကျေးရွာမှာလည်း ဒီဇင်ဘာ ၄ ရက် နေ့လယ် ၁၂ နာရီလောက်က ဒေသခံ‌နေအိမ်တွေကို မီးရှို့နေတဲ့ စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်မိချောင်းနှင့် ကျားပျံအဖွဲ့ (C&T Shewbo) မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

“အရင်ရက်က ညောင်လှရွာကို မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကြောင်းပါ။ နများရွာနဲ့ ယဉ်ကျေးရွာဘက်ကို ဆက်ပြီး စစ်ကြောင်းထိုးလာတာ။ ရွာအိမ်ခြေတွေကို မီးရှို့နေတုန်း ဒရုန်းနဲ့ ဗုံးချခဲ့တာပါ။ ရန်သူ့ဘက်က ထိခိုက်ဒဏ်ရာရတာတွေရှိပေမဲ့ အသေအပျောက်ကိုတော့ မသိရဘူး။”

ယဉ်ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်မီးရှို့စဉ် ပိတ်မိသူတွေလည်း ရှိတယ်လို့ သိရပြီး ဒေသခံတွေကို ထိခိုက်မှာစိုးတဲ့အတွက် ဆက်မတိုက်ခိုက်တော့ဘဲ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ဆိုပါတယ်။

ယဉ်ကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ရာ နေအိမ် ၁၅ လုံး မီးလောင်သွားတယ်လို့ ကနဦးသိရပြီး ကျေးရွာဒေသခံအများစု ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

စစ်ကိုင်းနဲ့ မတ္တရာမြို့နယ်တွေမှာလည်း စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို ဒီဇင်ဘာ ၃ ရက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကောင်းကင်တော်လှန်ရေး အင်အားစုက သတင်းထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၂ ရက်က စစ်ကိုင်းနဲ့ မတ္တရာမြို့နယ်တွေက ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်ဖျက်ဆီးနေတဲ့  စစ်ကောင်စီတပ်ကို ဒီဇင်ဘာ ၃ ရက်က ဒေသခံ PDF တွေပေါင်းပြီး  လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့တာလို့ သိရပြီး စစ်ကောင်စီဘက်က အကျအဆုံးကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ ရှေ့ပြေးစစ်ကြောင်းကို ကောင်းကင်တော်လှန်ရေးအင်အားစု၊ နဂါးနီ ပြောက်ကျားတပ်ဖွဲ့က ရွာအတွင်း အလစ်ဝင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ် အရာရှိတယောက်နဲ့ တပ်သားတယောက်ကို အနီးကပ် ဝင်ရောက်ပစ်ခတ် ရှင်းလင်းခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ၅.၅၆ ကျည်တောင့် ၄၀ နဲ့ ၄၀ မမ ဗုံးသီးကျည် ၄ လုံး အပါအဝင် အသုံးအဆောင်ပစ္စည်းတချို့ သိမ်းဆည်းရမိခဲ့ပါတယ်။

အဆိုပါတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်တာမရှိသလို စစ်ကောင်စီတပ်တွေ သေဆုံဒဏ်ရာရတဲ့ အရေအတွက်နဲ့ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိပါဘူး။ 

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲက ရွာ ၁၂ ရွာထက်မနည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ဒေသခံပြည်သူတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရပြီး  အခြေခံပစ္စည်းတွေ ထောက်ပံ့မှု လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပေါင်းလဲကုန်းကျေးရွာ စစ်ဘေးရှောင်ပြည်သူတဦးက “စစ်ကြောင်းထိုးပြီး ဝင်လာရင် ရွာထိပ်က စ မီးရှို့တော့တာပဲ။ နိုဝင်ဘာလလယ်လောက်ကတည်းက စရှို့နေတာ။ နေအိမ်တွေကို မီးရှို့တော့ တောထဲ တဲထိုးပြီးနေရတယ်။ မီးရှို့မခံရတဲ့ ကျေးရွာတွေက အနည်းငယ် ထောက်ပံ့တာရှိတယ်။ ကျေးရွာတွေက လူ ၁၀,၀၀၀ ကျော်လောက် အိုးမဲ့အိမ်မဲ့ ဖြစ်သွားတယ်။ ဆောင်းရာသီမှာ အဓိကလိုအပ်တာကတော့ အဝတ်အထည်၊ စောင်နဲ့ စားနပ်ရိက္ခာတွေ လိုအပ်ပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ခင်ဦးမြို့နယ်ထဲက ပေါင်းလဲကုန်း၊ လက်ပံကြီး၊ မဒေါင်းကြီး၊ ရွှေကာ၊ ဆီဆုံလေး၊ နှဲတွင်း၊ စောကြီး၊ သနပ်စိန်၊ မုံလှ၊ မြင်းဒေါင်း၊ မြစ်တော်၊ ဂွေးကုန်း၊ သာဝတ္ထိနဲ့ ကျောက်တိုင်ကျီစုကျေးရွာတွေက နေအိမ် ၇၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တာပါ။

စစ်တပ်အာဏာသိမ်းပြီးနောက် ခင်ဦးမြို့နယ်မှာ ကျေးရွာ ၅၀ ကျော်က နေအိမ် ၂,၆၀၀ ကျော် မီးရှို့ဖျက်ဆီးခံရပြီး ရဲဘော်နဲ့ ဒေသခံ ၂၀၀ ကျော် သေဆုံးခဲ့ကြောင်း ခင်ဦးမြို့နယ် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013