တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ အခုရက်ပိုင်းအတွင်း မြို့ပေါ်မှာ သွားလာနေတဲ့ မော်တော်ဆိုင်ကယ်တွေကို စစ်ကောင်စီလက်အောက်ခံ ယာဉ်ထိန်းရဲတွေ အပါအဝင် အရပ်ဝတ် စစ်သားတွေက လမ်းဆုံလမ်းခွတွေမှာ ဖမ်းဆီးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ယာဉ်ထိန်းရဲတွေက ဆိုင်ကယ်တွေကို လိုက်လံဖမ်းဆီးနေတာကြောင့် သွားလာဖို့ ခက်ခဲနေတယ်လို့ မြို့ခံတဦးက ပြောပါတယ်။
“အခုက ဆိုင်ကယ်စီးဦးထုပ်ကို အဓိကထားပြီးဖမ်းတယ် ဆိုပေမဲ့ ပြည်သူကို ရာဇဝတ်သားလို သဘောထားပြီး ဖမ်းနေလို့ အထောက်အထားတခုခု မစုံရင် ဒဏ်ကြေး ပေးဆောင်နေရတာတွေက ပိုများနေပြီး ဖမ်းဆီးခံရတာ ပိုများလာတယ်။”
စစ်ဆေး ဖမ်းဆီးခံရမှုတွေကြောင့် ဦးထုပ်မဆောင်းပါက ဒဏ်ငွေ ကျပ် ၃၀,၀၀၀၊ လိုင်စင်မပါရင် ဒဏ်ငွေ ကျပ် ၅၀,၀၀၀ အပါအဝင် နေအိမ်ထဲထိ ဝင်ရောက်ဖမ်းဆီးတာတွေလည်း ရှိနေတယ်လို့ မြို့ခံတွေက ဆိုပါတယ်။
မြိတ်မြို့မှာ အခြေခံလူလတ်တန်းစား အများစုဟာ ဆိုင်ကယ်စီးနင်းသူတွေဖြစ်ပြီး အခုလို အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးစစ်ဆေးနေတာကြောင့် သွားလာရေး ခက်ခဲနေကြတာပါ။
အရင်က မြိတ်မြို့ပေါ်မှာ ဆိုင်ကယ်တစီးကို အမျိုးသားနှစ်ယောက် စီးခွင့်မပြုဘူးလို့ စစ်ကောင်စီက တားမြစ်ထားတာရှိသလို တွေ့ရှိပါက ကားနဲ့ လိုက်လံတိုက်ခိုက် ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့ပါတယ်။