DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် စစ်ကောင်စီတပ်က ဆိုင်ကယ်များကို အဓမ္မဖမ်းဆီးပြီး ပြန်ရောင်းစားနေ
DVB
·
December 5, 2022
ရန်ကုန်တွင် စစ်ကောင်စီတပ်က ဆိုင်ကယ်များကို အဓမ္မဖမ်းဆီးပြီး ပြန်ရောင်းစားနေ
1 / 3
Donate to DVB

ရန်ကုန်တိုင်းအတွင်း ဆိုင်ကယ်အများဆုံးစီးတဲ့ မြို့နယ်တွေကို စစ်ကောင်စီတပ်တွေက စစ်ဆင်ရေးတခုလို လုပ်ဆောင်ပြီး လိုက်လံဖမ်းဆီး ပြန်ရောင်းစားနေတာကြောင့် ဆိုင်ကယ် စီးနင်းသူတွေ အခက်အခဲကြုံနေရတယ်လို့ မြို့ခံပြည်သူတွေက ပြောပါတယ်။

အင်းစိန်၊ မင်္ဂလာဒုံ၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ သန်လျင်၊ မြောက်ဥက္ကလာ၊ တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ ဒဂုံမြို့သစ်မြို့နယ်တွေမှာ ညနေပိုင်းအချိန် ရောက်ပြီဆိုရင် ကုန်တင်ကားတစီး၊ စစ်သားတွေအပြည့် တင်ဆောင်လာတဲ့ DC ကား ၂ စီးလောက်နဲ့ လမ်းဆုံလမ်းခွတွေမှာ စစ်ကောင်စီ လက်နက်ကိုင်တပ်တွေ ချထားကာ ကားအပြည့်ရတဲ့အထိ ဆိုင်ကယ်တွေကို နေ့စဉ် အဓမ္မဖမ်းဆီးနေတာ ဖြစ်ပါတယ်။

ဆိုင်ကယ်အဖမ်းခံရသူတဦးက “ညနေ သုံးနာရီခွဲလောက်ဆို လမ်းဆုံတွေ၊ မီးပွိုင့်အကျော်တွေမှာ သူတို့ စစ်သား လေးယောက်ကို ချထားခဲ့တယ်။ နောက်ထပ် ကားတစီးပေါ်က စစ်သားတွေကို နောက်တနေရာမှာ ချထားပေးပြီး လာသမျှဆိုင်ကယ် အကုန်ဖမ်းတယ်။ ဘုန်းကြီး ဆိုင်ကယ်ကအစ အကုန်ဖမ်းတာ။ ရပ်ခိုင်းပြီး သော့တန်းဖြုတ်တာ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ အရင်က ရဲ၊ စစ်သား၊ ယာဥ်ထိန်းရဲတွေနဲ့အတူ ဆိုင်ကယ်တွေကို ဖမ်းဆီးပေမဲ့ အခုနောက်ပိုင်းမှာတော့ စစ်တပ်က စစ်သားတွေနဲ့ ဖမ်းဆီးနေပြီး ဖမ်းဆီးလာတဲ့ ဆိုင်ကယ်တွေကို သူတို့ရဲ့ တပ်ရင်းဌာနချုပ်တွေထဲကို ယူဆောင်သွားတယ်လို့လည်း သိရပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ ဆိုင်ကယ်တွေကို စစ်တပ်နဲ့ နီးစပ်သူတွေထံ အပ်နှံပြီး ပုတ်ပြတ် ကြိုက်တာယူ ၆ စီးကို ကျပ်သိန်း ၂၀ နဲ့ ပြန်လည်ရောင်းချကာ ဝင်ငွေရှာဖွေနေပြီး တစီးချင်းယူမယ်ဆိုရင်တော့ အနည်းဆုံး ကျပ်နှစ်သိန်းခွဲနဲ့ ပြန်လည်ရောင်းချနေတယ်လို့လည်း စစ်တပ်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

အခုအခါ စစ်တပ်က မြို့နယ်အသီးသီးမှာ ဆိုင်ကယ် ကယ်ရီဂိတ်တွေကို သီးခြား သတ်မှတ်ပေးထားပြီး ကယ်ရီဆွဲခွင့် သတ်မှတ်ပေးထားပေမဲ့ သူတို့ မထင်ရင် မထင်သလို အဲဒီဆိုင်ကယ် ကယ်ရီဂိတ်က ဆိုင်ကယ်တွေကိုပါ ဖမ်းဆီးနေတာကြောင့် ဝမ်းရေးအတွက် ကယ်ရီဆွဲနေသူတွေလည်း အခက်အခဲတွေ ဖြစ်နေကြပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်း ဆိတ်ကြီးခနောင်တိုနဲ့ ဒလမြို့နယ်တွေမှအပ ကျန်မြို့နယ်တွေမှာ ဆိုင်ကယ်မစီးကြဖို့ ၂၀၁၃ ခုနှစ်ကတည်းက သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

အခုအခါမှာတော့ အင်းစိန်၊ မင်္ဂလာဒုံ၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ သန်လျင်၊ မြောက်ဥက္ကလာ၊ တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်တွေမှာ ဆိုင်ကယ် အများဆုံးစီးနင်းနေကြပြီး အင်းစိန်မြို့နယ်၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ သန်လျင်၊ မြောက်ဥက္ကလာပမြို့နယ်တွေမှာတော့ ဆိုင်ကယ်ဖမ်းဆီးခံရမှု အများဆုံး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013