Home
မြန်မာသတင်း
လှိုင်သာယာတွင် ယာဥ်တိုက်မှု ၂ ခုဖြစ်ပွားပြီး လူ ၁ ဦးသေ၊ ၂ ဦးဒဏ်ရာရ
DVB
·
December 5, 2022
317933980_10159143666912913_5247365742932122877_n
317373015_10159143666797913_1312290783295668957_n
318217656_10159143666862913_8914430253746729168_n

ရန်ကုန်တိုင်း၊  လှိုင်သာယာမြို့နယ်ဘက်အခြမ်း အောင်ဇေယျကြိုးတံတားနဲ့ ဘုရင့်နောင် အမှတ်-၂ တံတားတို့မှာ ဒီဇင်ဘာ ၄ ရက် ညပိုင်းက ယာဥ်တိုက်မှု ၂ ခုဖြစ်ပွားခဲ့ပြီး  အမျိုးသားတယောက် သေဆုံးကာ အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

အင်းစိန်မြို့နယ်နဲ့ လှိုင်သာယာမြို့နယ်ကို ဆက်သွယ်ထားတဲ့ အောင်ဇေယျကြိုးတံတားအဆင်း လှိုင်သာယာမြို့နယ်ဘက်အခြမ်းမှာ မနေ့ည ၁၀ နာရီခွဲက ယာဥ်တိုက်မှုဖြစ်ပွားခဲ့တာမှာ ယာဉ်မောင်း တယောက် ဒဏ်ရာရခဲ့တာပါ။

ရပ်ကွက်နေသူတဦးက “ယာဥ်မောင်းက ကားခေါင်းခန်းမှာ ညပ်နေတာ၊ အဲ့ဒါကို မီးသတ်တွေရော ပရဟိတ အဖွဲ့တွေကပါ ဝိုင်းထုတ်ပေးတာ မသေဘူး၊ ဒဏ်ရာပဲရတယ်။”လို့ပြောပါတယ်။

အလားတူ မနေ့ည ၈ နာရီခွဲကလည်း အမှတ်-၂ ဘုရင့်နောင်တံတားအဆင်း လှိုင်သာယာမြို့နယ်ဘက်အခြမ်းမှာ ထော်လာဂျီယာဥ်တစီးကို တခြားယာဥ်တစီးက ဝင်တိုက်ခဲ့လို့ ထော်လာဂျီယာဥ်မောင်း သေဆုံးကာ ယာဥ်ပေါ်ပါ အမျိုးသမီးတယောက် ဒဏ်ရာရရှိခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ထော်လာဂျီကို တိုက်သွားတဲ့ကားက ထွက်ပြေးသွားတယ်။ ယာဥ်မောင်းက တံတားဘောင်တန်းနဲ့ သံကြိုးကြားမှာ ခေါင်းညပ်ပြီး သေဆုံးသွားတာ။ ကောင်မလေးက ယာဥ်ပေါ်ကပြုတ်ကျပြီး ဒဏ်ရာရတယ်။”

ယာဥ်တိုက်မှုမှာ သေဆုံးသူနဲ့ ဒဏ်ရာရရှိသူ နှစ်ယောက်ကို မီးသတ်တပ်ဖွဲ့နဲ့ ပရဟိတ အဖွဲ့အစည်းတွေက လှိုင်သာယာမြို့နယ်ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဆိုပါ ယာဥ်တိုက်မှုနဲ့ပတ်သက်ပြီး လှိုင်သာယာမြို့မရဲစခန်းက စစ်ဆေးနေတယ်လို့ သိရပြီး ဘုရင့်နောင် အမှတ်-၂ တံတားမှာ တိုက်ပြေးသွားတဲ့ ယာဥ်မောင်းကို ဖမ်းဆီးရမိမှုရှိ၊ မရှိ မသိရသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024