
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ဗျူဟာလမ်းပိုင်းမှာ ဘိန်းဖြူတွေ၊ ကျောက်စိမ်းတုံးတွေနဲ့အတူ အမျိုးသား နှစ်ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး(ပအဖ)အဖွဲ့က ပြောပါတယ်။
ဒီဇင်ဘာ ၄ ရက် နေ့လယ်ပိုင်းက မန္တလေးကနေ မောင်းနှင်လာတဲ့ ပါဂျဲရိုးကားကို သတင်းအရ ရှောင်တခင်တားဆီးစစ်ဆေးခဲ့ရာ ကားမောင်းလာသူ အမျိုးသား တယောက်နဲ့ လိုက်ပါလာသူ အမျိုးသားတယောက်ဆီကနေ ဘိန်းဖြူ ကျောက်စိမ်းတုံးတွေ တွေ့ရှိခဲ့တာပါ။
"ဘိန်းဖြူတွေနဲ့ ငွေသား ကျပ်ဆယ့်ခြောက်သိန်းကျော်၊ နိုင်ငံခြားငွေလည်းပါတယ်။ ဆက်စပ်ပစ္စည်းတွေရှာရင်း သိမ်းဆည်းရမိတာ" လို့ ဒေသခံက ပြောပါတယ်။
ဖမ်းဆီးရမိတဲ့အထဲမှာ ဘိန်းဖြူ ဆပ်ပြာခွက်ပေါင်း (၁၁၀)နဲ့ ကျောက်စိမ်းတုံး ၂၃ လုံး သွေးပြီးသားကျောက်ချော ၉ လုံး၊ လက်ကိုင်ဖုန်း ၂ လုံး၊ Tablet ၁ လုံး ၊ Laptop ၁ လုံး၊ ကီးဘုတ် ၂ ခု၊ ကီလိုဂရမ်ချိန်စက် ၁ လုံး၊ ကျောက်ကြည့်ဓာတ်မီး ၁ လုံး၊ ဓား ၁ လက်၊ တော်ပါပြောင်း ၁ ခုပါဝင်ပါတယ်။
ဒါ့အပြင် မြန်မာငွေ ကျပ် ၁၆၈၂၀၅၀၊ ပိုက်ဆံအိတ် ၃ လုံး၊ နိုင်ငံခြားငွေ အမေရိကန် ဒေါ်လာ ၁၀ ဒေါ်လာ၊ ATM ကတ် ၁ ခုတို့ကို ကောလင်းမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က ထုတ်ပြန်ထား ပါတယ်။