Home
မြန်မာသတင်း
လှိုင်သာယာ ရပ်ကွက် ၂ ခုတွင် ဗုံးပေါက်ကွဲပြီး လူ ၆ ဦးဒဏ်ရာရ
DVB
·
December 5, 2022
318178962_6105395192832263_1648876603924456960_n

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် ၂၀ ရပ်ကွက်နဲ့ ၇ ရပ်ကွက်တို့မှာ ဒီဇင်ဘာ ၄ ရက် ညပိုင်းက ဗုံးပေါက်ကွဲပြီး အမျိုးသမီးနှစ်ယောက်နဲ့ အမျိုးသားလေးယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
လှိုင်သာယာအနောက်ပိုင်းမြို့နယ် ၂၀ ရပ်ကွက် ဗိုလ်တေဇလမ်း ဘောလုံးကွင်းရှေ့မှာ မနေ့ည ၇ နာရီခွဲက ပျော်ပွဲရွှင်ပွဲကျင်းပနေချိန် ဗုံးပေါက်ခဲ့လို့ အမျိုးသားလေးယောက် ထိခိုက်ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။
ရပ်ကွက်နေသူတစ်ဦးက "ဒီအချိန်ကြီးမှာ မလုပ်သင့်တာကို အုပ်ချုပ်ရေးက ဦးစီးပြီးလုပ်တာ။ ဗုံးထပေါက်တယ်။ တော်သေးတယ်မသေတာ။ ထိတာ အုပ်ချုပ်ရေးပိုင်းကလား ပွဲလာတဲ့သူတွေလား မသိဘူး။ အမျိုးသားလေးဦး ထိတယ်"လို့ ပြောပါတယ်။
ဗုံးပေါက်ကွဲပြီးနောက် ထိခိုက်ဒဏ်ရာရတဲ့ အမျိုးသားလေးယောက်ကို လူနာတင်ယာဥ်နဲ့ လှိုင်သာယာဆေးရုံကို ပို့ဆောင်ထားတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
အလားတူ လှိုင်သာအရှေ့ပိုင်းမြို့နယ်၊ ၇ ရပ်ကွက်၊ ညောင်တုန်းလမ်းပေါ်ရှိ ဝင်းကမ္ဘာဆေးဆိုင်ရှေ့မှာလည်း မနေ့ည ၇ နာရီလောက်က ဗုံးပေါက်ကွဲပြီး အမျိုးသမီးနှစ်ယောက် ဒဏ်ရာရရှိခဲ့ပါသေးတယ်။
"ဗုံးက နှစ်ကြိမ်ပေါက်တာ ၂၀ ရပ်ကွက်မှာ လေးဦး ဒဏ်ရာရတယ်။ ၇ ရပ်ကွက်မှာက နှစ်ဦး ဒဏ်ရာရတယ် မစိုးရိမ်ရဘူး"လို့ ဒေသခံက ပြောပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူခြောက်ယောက်စလုံးကို လှိုင်သာယာဆေးရုံမှာ ပို့ဆောင်ကုသထားပြီး စစ်ကောင်စီတပ်တွေကတော့ အဆိုပါ ရပ်ကွက်နှစ်ခုလုံးကို မနေ့ညက စစ်ဆေးခဲ့ပါတယ်။
ရန်ကုန်တိုင်းက မြို့နယ်တချို့မှာ ဒီဇင်ဘာ ၁ ရက်မှ ၄ ရက်နေ့အတွင်း ဗုံးပေါက်ကွဲမှု ၇ ကြိမ်ဖြစ်ခဲ့ပြီး ဒဏ်ရာရရှိသူ ခြောက်ယောက်ရှိပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024