DVB Logo
Home
မြန်မာသတင်း
ကပ္ပလီပင်လယ်ပြင်ကို စွန့်စားဖြတ်ကူးသူ ပိုမိုများပြားလာဟု UNHCR သတိပေး
DVB
·
December 5, 2022
ကပ္ပလီပင်လယ်ပြင်ကို စွန့်စားဖြတ်ကူးသူ ပိုမိုများပြားလာဟု UNHCR သတိပေး
Donate to DVB

ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံက ဒုက္ခသည်တွေ ကပ္ပလီပင်လယ်ပြင်ကို စစ်လှေတွေနဲ့ စွန့်စားဖြတ်ကူးမှုတွေ ပိုမိုများပြားလာကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR) က ဒီဇင်ဘာ ၂ ရက်မှာ သတိပေးချက်ထုတ်ပြန်ပါတယ်။
အရှေ့တောင်အာရှ ရေလမ်းခရီးဟာ ကမ္ဘာ့အဆိုးရွားဆုံးရေလမ်းကြောင်းတစ်ခုဖြစ်ပြီး အခုနှစ် ဇန်နဝါရီလနောက်ပိုင်းမှာ ကပ္ပလီပင်လယ်ပြင်ကို စက်လှေတွေနဲ့ ဖြတ်ကူးခဲ့သူပေါင်း ၁၉၀၀ ကျော်ရှိခဲ့ပြီလို့ အဲဒီ ထုတ်ပြန်ချက်ကဆိုပါတယ်။ ဒါဟာ ၂၀၂၀ ပြည့်နှစ်က ဖြတ်ကူးမှုတွေနဲ့ယှဉ်ရင် ၆ ဆ ပိုများတဲ့အရေအတွက် ဖြစ်တယ်လို့ ဆိုပါတယ်။
ကပ္ပလီပင်လယ်ကိုဖြတ်ကူးဖို့ ကြိုးစားသူ အများစုဟာ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာတွေဖြစ်ကြပြီး အသက်သေဆုံးတဲ့အထိဆိုးရွားတဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို ခံစားခဲ့ကြရကြောင်းနဲ့ သူတို့ရည်ရွယ်တဲ့ ခရီးဆုံးပန်းတိုင်ဟာ အင်ဒိုနီးရှားဖြစ်တယ်လို့ဆိုပါတယ်။
“ဒီခရီးကိုသွားဖို့ ကြိုးစားခြင်းအားဖြင့် အသက်ဆုံးရှုံးရနိုင်တဲ့အထိ အကျိုးဆက်တွေ ရလာနိုင်မယ်ဆိုတာကို UNHCR က သတိပေးထုတ်ပြန်ထားပါတယ်”လို့ UNHCR ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရှားဘီးယားမန်တူးက ပြောကြားလိုက်ပြီး အခုနှစ်တစ်နှစ်တည်းမှာတင် ပျောက်ဆုံးနေတဲ့သူ ဒါမှမဟုတ် သေဆုံးခဲ့သူ စုစုပေါင်း ၁၁၉ ယောက်ရှိတယ်လို့လည်း ပြောပါတယ်။
ဒီကိစ္စကို ဝိုင်းဝန်းကူညီကြဖို့ ဒေသတွင်းနိုင်ငံတွေက အစိုးရတွေကို UNHCR က အကူအညီတောင်းခံထားပြီး နောက်ဆုံးတစ်ခေါက် ဖြတ်ကူးခဲ့ကြသူ ၂၀၀ ကျော်ဟာ အင်ဒိုနီးရှားနိုင်ငံ မြောက်ပိုင်အာချေးဒေသကို ရောက်ရှိခဲ့ကြတယ်လို့ ဆိုပါတယ်။
ရောက်လာသူတွေကို ယာယီနေထိုင်စရာစီစဉ်ပေးထားတဲ့ အင်ဒိုနီးရှားအစိုးရရဲ့ ကူညီမှုကို ဝမ်းမြောက်ဝမ်းသာကြိုဆိုပြီး ကျေးဇူးတင်တယ်လို့ မစ္စမန်တူးက ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တနှစ်ပတ်က အင်ဒိုနီးရှားကမ်းရိုးတန်းကို လှေနှစ်စီးနဲ့ရောက်လာခဲ့ကြတဲ့ ဒုက္ခသည်တွေကို လော့ခ်စမာဝေမြို့က လူဝင်မှုကြီးကြပ်ရေးရုံးအဟောင်းမှာ လတ်တလော နေရာချထားပေးတယ်လို့ ဆိုပါတယ်။
ကုလသမဂ္ဂရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ အေဂျင်စီ UNHCR၊ နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာအဖွဲ့အစည်း(IOM) တို့အပြင် တခြားမိတ်ဘက်အဖွဲ့အစည်းတွေ အဲဒီနေရာမှာ ပူးပေါင်းကူညီဆောင်ရွက်နေကြတယ်လို့ ကုလအေဂျင်စီ တာဝန်ရှိသူက ပြောပါတယ်။
“အခုရောက်နေတဲ့ ဒုက္ခသည်နှစ်ဖွဲ့ကို စာရင်းသွင်းတာကအစ သူတို့အတွက်လုံလောက်တဲ့ အခြေခံလိုအပ်ချက်တွေရရှိနိုင်ရေးအတွက် ဒေသခံအာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး ထောက်ပံ့ကူညီနိုင်ရေးကို ဆောင်ရွက်နေကြပါတယ်။”
အသက်ကယ်ဆယ်ရေးဆောင်ရွက်ပေးဖို့ လိုတဲ့အခြေအနေနဲ့ ပင်လယ်ထဲမှာမျောနေတဲ့ တခြားဒုက္ခသည်လှေတွေလည်း ရှိနေကြောင်း အတည်ပြုနိုင်ခြင်းမရှိသေးတဲ့ သတင်းတွေအရ သိထားတယ်လို့လည်း မစ္စမန်တူးက ပြောပါတယ်။
မျှော်လင့်ချက်မဲ့၊ ခိုကိုးရာမဲ့တဲ့ အခြေအနေတွေကြောင့် အသက်သေဆုံးနိုင်လောက်တဲ့အထိ ဒီလိုကြမ်းတမ်းခက်ခဲတဲ့ ခရီးကို အရဲစွန့်ထွက်ခွာလာတဲ့ ဒုက္ခသည်တွေ ပိုမိုများပြားလာတာဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် UNHCR နဲ့အတူ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိတ်ဘက်အဖွဲ့အစည်းတွေ ကနေ ဒေသတွင်းကရော နိုင်ငံတကာကပါ ပိုမိုပူးပေါင်းဆောင်ရွက်ပေးကြဖို့နဲ့ မျှဝေတာဝန်ယူပေးကြဖို့ ကုလသမဂ္ဂအေဂျင်စီက တောင်းဆိုထားပါတယ်။
အခုလက်ရှိ အင်ဒိုနီးရှားကလက်ခံပေးထားတဲ့ ဒုက္ခသည်နဲ့ နိုင်ငံရေးခိုလှုံခွင့်တောင်ခံထားသူ ၁၃၀၀၀ နီးပါးရှိပြီး အများစုဟာ အာဖဂန်နစ္စတန်၊ ဆိုမားလီးယားနဲ့ မြန်မာနိုင်ငံတို့ကဖြစ်တယ်လို့ ဆိုပါတယ်။ အင်ဒိုနီးရှားတစ်နိုင်ငံတည်းကနေ ပင်လယ်ပြင်မှာ မျောနေတဲ့ ဒုက္ခသည်တွေကို တာဝန်ယူပြီး ခေါ်ယူပေးထားရတာဟာလည်း မဖြစ်သင့်ဘူးလို့ မစ္စမန်တူးကပြောပါတယ်။
“ဒေသတွင်းကနိုင်ငံတွေဟာ ၂၀၀၅ ဘာလီအစည်းအဝေးမှာ သဘောတူညီ ကတိပေးခဲ့ကြတဲ့အတိုင်း ဒီလိုအသက်စွန့်ထွက်ခွာမှုတွေ ပပျောက်ရေးအတွက် စုပေါင်းအဖြေရှာနိုင်ကြဖို့ အရေးကြီးတယ်။”
လူမှောင်ခိုကူးသူတွေကပစ်ထားခဲ့တာကြောင့် ကလေးတွေအပါအဝင်၊ လူပေါင်း ၅၀၀၀ ဟာ ကပ္ပလီပင်လယ်ထဲမှာ လနဲ့ချီအောင် လှေနဲ့ မျောနေခဲ့ပြီး ဆာလောင်မွတ်သိပ်၊ ဖျားနာနေကြတာကို တွေ့ရှိခဲ့ရပါတယ်။
ဒီနောက် ၂၀၁၆ ခုနှစ်မှာ အာရှ-ပစိဖိတ်ဒေသတွင်းက အစိုးရတွေဟာ ဒီလိုခရီးစဉ်တွေကနေ လူတွေသေဆုံးမှုကို ကာကွယ်ဖို့ ပိုမိုပူးပေါင်းဆောင်ရွက်ကြမယ်လို့ သဘောတူ ကတိပေးခဲ့ကြတာရှိကြောင်းကို ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Photo-UN

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013