
ကယား (ကရင်နီ) ပြည်နယ်၊ လွိုင်ကော်မြို့၊ ပါလောင်းကျေးရွာနဲ့ အနီးဝန်းကျင်မှာ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းတပ်ဖွဲ့တွေကြား ၅ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၀ ဦးသေဆုံးကာ အပြစ်မဲ့ပြည်သူ ၁ ဦး အသတ်ခံလိုက်ရတယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) တပ်ရင်း-၂ က ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၄ ရက်မှ စတင်ကာ ပါလောင်းရွာအတွင်းရှိ ဆေးခန်းနဲ့ ဘုန်းကြီးကျောင်းမှာ အင်အား ၁၀၀ လောက်နဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ပူးပေါင်းတပ်ဖွဲ့တွေက သွားရောက်ပစ်ခတ်ခဲ့ရာက တနေကုန်နီးပါး အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားတာပါ။
တိုက်ပွဲအတွင်း ပါလောင်းရွာလမ်းမကြီးအတိုင်း ဆိုင်ကယ်နဲ့ ဖြတ်သန်းမောင်းနှင်လာတဲ့ ဆူးဖဲလောကျေးရွာနေ ပြည်သူ အမျိုးသားတဦးကို စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ပါလောင်းရွာ အပြင်ဘက်ရှိ လူနေအိမ်တွေနဲ့ ဒေါတယို့ရွာသစ်နဲ့ ရွာဟောင်းကြားမှာ စခန်းတွေ ပြောင်းရွှေ့တပ်စွဲခဲ့တာကြောင့် ပူးပေါင်းတပ်ဖွဲ့တွေက လိုက်လံတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
တိုက်ပွဲဖြစ်နေစဥ်အတွင်း လွိုင်ကော်အခြေစိုက် ခလရ ၂၅၀ မှ လက်နက်ကြီးပစ်ကူ ၁၅ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့လို့ ရွာအတွင်း လူနေအိမ် အများအပြား ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တိုက်ပွဲအပြီးမှာ ပူးပေါင်းတပ်တွေက ပါလောင်းရွာအတွင်း နယ်မြေရှင်းလင်းရေးပြုလုပ်ကာ နိုဝင်ဘာ ၂၄ ရက်နေ့မှာ စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ ပြည်သူ့ရုပ်အလောင်းကို မြှုပ်နှံပေးတယ်လို့ သိရပါတယ်။
ပါလောင်းကျေးရွာနဲ့ ဒေါတယို့ကျေးရွာဟာ စစ်ကောင်စီရဲ့ ရိက္ခာပို့လမ်းကြောင်းပေါ်မှာ ရှိနေတဲ့အတွက် အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်တာကြောင့် ကျေးရွာနေ ပြည်သူအများအပြား အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေကြရပါတယ်။
ဒီးမော့ဆို မြို့နယ်မှာလည်း စစ်ကောင်စီတပ်တွေနဲ့ ကရင်နီ ပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ရော လေကြောင်းကနေပါ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေပါတယ်။