Home
မြန်မာသတင်း
မြောက်ဒဂုံရှိ ဘီယာဆိုင်နှင့် ကေတီဗွီဆိုင် ၂ ဆိုင်တွင် ဗုံးပေါက်ကွဲ
DVB
·
December 5, 2022

 ရန်ကုန်မြို့၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ Asahi 3 (Beer Pub & BBQ) စားသောက်ဆိုင်နဲ့ YGN (KTV & Bar) တို့ကို ဒီဇင်ဘာ ၄ ရက် ညပိုင်းက ဗုံးဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ ရန်ကုန်တိုင်းပြည်သူ့တပ်မဟာက သတင်းထုတ်ပြန်ထားပါတယ်။

ရန်ကုန်တိုင်း ပြည်သူ့တပ်မဟာအဖွဲ့ဝင်တွေ ဖြစ်တဲ့ Human Rights Defenders (HRD) အဖွဲ့နဲ့ သွေးသစ္စာအဖွဲ့တို့က မြောက်ဒဂုံ ပြည်ထောင်စုလမ်းမပေါ်ရှိ YGN (KTV & Bar) ကို  ဒီဇင်ဘာ ၄ ရက်၊ ည ၇ နာရီ ၅၅ မိနစ်နဲ့ ပင်လုံလမ်းမကြီးရှိ Asahi 3 ဆိုင်ကို ည ၈ နာရီခွဲမှာ အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီရဲ့ စီးပွားရေးဒေါက်တိုင်ဖြစ်လို့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

မြောက်ဒဂုံ ဒေသခံတဦးက “ည ၈ နာရီနဲ့ ၉ နာရီလောက်ကြားမှာ အသံအကျယ်ကြီး နှစ်သံလောက် ကြားရတယ်၊ ထွက်ကြည့်တော့ လမ်းထိပ်က ဘီယာဆိုင်မှာထိုင်နေတဲ့လူတွေ ရုတ်ရုတ်သဲသဲတော့ ဖြစ်သွားသေးတယ်။ ပင်လုံထဲ စစ်သားတွေ ဝင်စစ်သွားတယ်” လို့ ပြောပါတယ်။

အဲ့ဒီညက မြောက်ဒဂုံမြိုနယ်မှာ အဝေးထိန်းဗုံးနဲ့ တိုက်ခိုက်ဖို့ ၃ နေရာ စီစဉ်ခဲ့ပေမဲ့ Privacy (KTV & Restaurant) ဘက်က နည်းပညာအကာအကွယ် သုံးထားလို့ ဖောက်ခွဲမှု မအောင်မြင်ခဲ့ဘူးလို့ သတင်းထုတ်ပြန်ချက်ထဲမှာ တွေ့ရပါတယ်။

အဝေးထိန်းဗုံးဟာ Asahi 3 (Beer Pub & BBQ) ဆိုင်ရဲ့ ကားပါကင် ရေမြောင်းထဲမှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ပစ္စည်းပျက်စီးမှုနဲ့ ထိခိုက်သူ မရှိဘူးလို့ သိရပြီး အဆိုပါဆိုင်က ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၅ ရက်ကလည်း မူးယစ်ဆေးဝါးနဲ့ PDF အဖွဲ့ဝင်တွေ ရှိတယ်ဆိုပြီး စစ်ကောင်စီဘက်က အင်အားသုံး ရှာဖွေစစ်ဆေးတာ ခံခဲ့ရပါသေးတယ်။

Asahi 3 ဆိုင် တာဝန်ရှိသူက “တော်တော်အောင်မြင်တယ်၊ ဆိုင်ခွဲပေါင်း ၇ ဆိုင်လောက် ရှိတယ်၊ အဲ့‌တော့ စီးပွားရေးအရ အမြဲတိုက်ခိုက်‌နေတာ။ အရင်တုန်းကလည်း တခါ စစ်တပ်ကို တိုင်တာ။ အစ်ကိုတို့က မူးယစ်ဆေးဝါးရောင်းပါတယ်၊ PDF တွေနဲ့ ဆက်သွယ်ပါတယ် ဆိုပြီး‌တော့ စစ်တပ်ကိုလည်း ထောင်ပြီးပြီ၊ အခုတခါတော့လည်း စစ်တပ်ရဲ့ ဒေါက်တိုင်ဆိုပြီးတော့ ဆိုတော့ အစ်ကိုတို့ ဘယ်လိုနေရမှာလဲ” လို့ ပြောပါတယ်။

ဒီဇင်ဘာ ၄ ရက် ညမှာပဲ လှိုင်သာယ ၂၀ ရပ်ကွက်၊ ဘောလုံးကွင်းမှာ လက်လုပ်ဗုံး ပေါက်ကွဲခဲ့သလို ဒီဇင်ဘာ ၃ ရက်ကလည်း တောင်ဥက္ကလာမြို့နယ်ရှိ Transporter Bar ကို မြို့ပြပြောက်ကျားတပ်ဖွဲ့တွေက အဝေးထိန်းဗုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ပါသေးတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024