Home
မြန်မာသတင်း
ဂွမြို့နယ်ဘောလုံးကွင်းမြက်ခင်းပေါ် ရဟတ်ယာဥ်ကွင်း ဆောက်နေ
DVB
·
December 4, 2022

ရခိုင်ပြည်နယ်၊ ဂွမြို့မှာ ဂွချောင်းတံတားဖွင့်ပွဲအတွက် လူကြီးလာမယ်လို့ဆိုပြီး စစ်ကောင်စီက မြို့နယ်အားကစားကွင်းအတွင်းရှိ ဘောလုံးကွင်းမြက်ခင်းပေါ်မှာ ရဟတ်ယာဥ်ကွင်း တည်ဆောက် နေကြတယ်လို့ လိဂ်မှာ ယှဉ်ပြိုင်ကစားနေကြတဲ့ ကစားသမားတွေက ပြောပါတယ်။

အားကစားဝါသနာရှင်တွေနဲ့ လူငယ်တွေ ဦးစီးကျင်းပနေတဲ့ ဂွလိဂ်ဘောလုံးပွဲ ကျင်းပနေတဲ့ ဘောလုံးကွင်းကို လိဂ်တာဝန်ရှိသူတွေ အပါအဝင် မြို့ခံတွေနဲ့ ညှိနှိုင်းခဲ့တာမရှိဘဲ စစ်ကောင်စီက ဘောလုံးကွင်းအတွင်းမှာ ဒီဇင်ဘာ ၂ ရက်ကစပြီး ရဟတ်ယာဉ်ကွင်း ဆောက်နေတာဖြစ်ပါတယ်။

လိဂ်ကစားသမားတစ်ဦးက "ဂွချောင်းတံတားဖွင့်ပွဲရှိတာကြောင့် လူကြီးလာမယ်ဆိုပြီး မြို့နယ်ကွင်းထဲမှာ ရဟတ်ယာဉ်ကွင်းကို ဆောက်မယ်လို့ ကျနော်တို့ကို မနေ့က ၁၀ နာရီ လောက်မှာ အကြောင်းကြားတယ်။ သူတို့က ၁၂ နာရီလောက် အုတ်ကားတွေ စက်ယန္တရားတွေနဲ့ ဝင်ပြီးတော့ ဆောက်ကြတော့တာပဲ။ ကျနော်တို့ လိဂ်တာဝန်ရှိသူတွေရော မြို့နယ်က ရပ်မိရပ်ဖတွေရော ဘယ်သူမှ တိုင်ပင်ခဲ့ကြတာလည်း မရှိဘူး။ ကျနော်တို့က ဘောလုံးမကစားရလို့ မဟုတ်ဘူး။ ပြိုင်ပွဲကို ရွှေ့ပေးလို့ရတယ်။ အခုဟာက သူတို့က အာဏာရှင်ဆန်ဆန် သူတို့ လုပ်ချင်ရင် လုပ်လို့ရတဲ့ သဘောနဲ့ ကစားကွင်းထဲမှာ ရဟတ်ယာဥ်ကွင်း ဆောက်တာကို မြို့နယ်အတွင်းက အားကစား ဝါသနာရှင်တွေက အခံရခက်နေကြတာ။ အခုလို ဘောလုံးကွင်းမှာ ရဟတ်ယာဥ်ကွင်းလုပ်တော့ ကွင်း ပျက်ပြီပေါ့" လို့ ဆိုပါတယ်။

ဂွမြို့နယ် အားကစားကွင်းအတွင်းမှာ ရဟတ်ယာဥ်ကွင်း ဆောက်နေတာ ဟုတ်မှန်ပြီး လိဂ်ပြိုင်ပွဲကော်မတီတွေနဲ့ ဆွေးနွေးခဲ့တာ မရှိခဲ့ဘူးလို့ ဂွမြို့နယ် အားကစားမှူး ဦးကျော်မင်းလွင် က ပြောပါတယ်။

"မြို့နယ်အားကစားကွင်းမှာ ယာယီ ရဟတ်ယာဉ်ကွင်း ဆောက်နေတာတော့ ရှိပါတယ်။ လိဂ်ပြိုင်ပွဲ ကော်မတီတွေနဲ့ ညှိနှိုင်းခဲ့တာတော့ မရှိဘူး။ ဂွချောင်းတံထားဖွင့်ပွဲက ဒီဇင်ဘာလထဲမှာ ရှိတယ်။ အဲဒီမှာ လူကြီးတွေလာမှာကြောင့် ကွင်းတည်ဆောက်နေတာပါ။ အဲဒါပြီးတာနဲ့ နဂိုကွင်းကို ပြန်ဖို့ပြီးတော့ အပေါ်က မြက်တွေ စိုက်သွားမှာဖြစ်တယ်”

အခုလို ဘောလုံကွင်းအတွင်း ရဟတ်ယာဥ်ကွင်းတည်ဆောက်နေတာကို ရခိုင်ပြည်နယ် စစ်ကောင်စီရဲ့ တိုက်ရိုက်အမိန့်နဲ့ တည်ဆောက်နေကြတာဖြစ်တယ်လို့ ဂွလိဂ် တာဝန်ရှိသူတွေက ပြောပါတယ်။

ဂွ လိဂ်ဘောလုံးပြိုင်ပွဲကို ၂၀၂၂ ခုနှစ်မှာ ပထမအကြိမ်  အသင်း ၆ သင်းနဲ့ နှစ်ကျော့ပေါင်း ပွဲစဉ် ၁၀ ပွဲနဲ့ ယှဉ်ပြိုင်နေကြတာဖြစ်ပြီး လက်ရှိမှာ ပွဲစဉ် ၈ အထိ ကစားထားပြီး ဖြစ်ပါတယ်။

ဂွလိဂ်ဟာ ရခိုင်ပြည်နယ်က မြို့နယ် ၁၇ မြို့နယ်ထဲမှာ ကိုယ်ထူကိုယ်ထစနစ်နဲ့ ကျင်းပနေတဲ့ တခု တည်းသော လိဂ် ဖြစ်ပြီး အကျိုးအမြတ်အတွက်မဟုတ်ဘဲ မြို့နယ်အတွင်းက လူငယ်တွေ အားကစားလုပ်ဖို့နဲ့  မူးယစ်ဆေးဝါးကင်းစင်ဖို့ ရည်ရွယ် လုပ်နေကြတာလို့ လိဂ်တာဝန်ရှိသူက ပြောပါတယ်။

အခုလို အားကစားကွင်းအတွင်း ရဟတ်ယာဥ်ကွင်း တည်ဆောက်နေတာနဲ့ပတ်သတ်ပြီး ရခိုင်ပြည်နယ်က ဘောလုံးဝါသနာရှင်တွေကြား ဝေဖန်မှုမြင့်တက်နေပါတယ်။

ပုံ- အင်တာနက်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024