ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) အုပ်ချုပ်နယ်မြေ၊ ညောင်လေးပင် ခရိုင်ထဲက နေရာ ၃ ခုကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၂ ရက် ညနေမှာ လေကြောင်း တိုက်ခိုက်မှု ၄ ကြိမ် တပြိုင်နက် ပြုလုပ်ခဲ့တယ်လို့ ကေအန်ယူဗဟိုက ဒီနေ့ ထုတ်ပြန်ပါတယ်။
မနေ့ ညနေ ၅ နာရီ ၁၀ မိနစ်က ညောင်လေးပင်ခရိုင် တပ်မဟာ ၃ အတွင်းရှိ ဆောထိ (ရွှေကျင်) မြို့နယ် စော်သဲခီးကျေးရွာအုပ်စု၊ ကဟီးဒေးကျေးရွာ အတွင်းကို လေကြောင်း တိုက်ခိုက်မှု ၂ ကြိမ်၊ ဆောထိ (ရွှေကျင်) မြို့နယ် လယ်ဝါးကျေးရွာအုပ်စု လယ်ဝါးကျေးရွာအတွင်းကို လေကြောင်းတိုက်ခိုက်မှု ၁ ကြိမ်၊ လယ်ဒို (ကျောက်ကြီး) မြို့နယ် ကွီးလားကျေးရွာအတွင်းကို လေကြောင်းတိုက်ခိုက်မှု ၁ ကြိမ် ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဗုံး ၈ လုံးလောက် ကြဲချခဲ့ပေမဲ့ ၅ လုံးသာ ပေါက်ကွဲခဲ့သလို လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူလူထု ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ပေမဲ့ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။
အဲဒီနေ့ ည ၈ နာရီခွဲလောက်ကလည်း ခမရ-၅၉၈ က ဆောထိမြို့နယ် အမှတ် (၃) ဒေသ ဇလုပ်ကြီးကျေးရွာထဲကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ထပ်မံပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၃ ရက် မနက် ၂ နာရီ ၁၅ မိနစ်မှာလည်း စစ်ကောင်စီတပ်က အဲဒီကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ထပ်မံပစ်ခတ်ခဲ့သလို ပြည်သူလူထုအနေနဲ့ အသက်ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရပါတယ်။
လယ်ဒို (ကျောက်ကြီး) မြို့နယ်၊ ဆောထိ (ရွှေကျင်) မြို့နယ်အတွင်း နိုဝင်ဘာ ၁၂ ရက်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့က စစ်ကောင်စီတပ်စခန်း ၃ ခုကို တပြိုင်နက် တိုက်ခိုက်ဖျက်ဆီခဲ့ပြီးနောက် စစ်ကောင်စီတပ်ဟာ စစ်ရေးလှုပ်ရှားမှု ပိုမိုလုပ်ဆောင်လာပြီး တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။
စစ်ကောင်စီတပ်ဟာ ကျေးရွာတွေထဲ Drone နဲ့ ကင်းထောက်တာ၊ Drone နဲ့ ဗုံးကြဲ တိုက်ခိုက်တာ၊ တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေကို ပြုလုပ်နေတာပါ။
လတ်တလော ညောင်လေးပင်ခရိုင် တပ်မဟာ (၃)၊ လယ်ဒို (ကျောက်ကြီး) မြို့နယ်၊ ဆောထိ(ရွှေကျင်) မြို့နယ်၊ မူး (မုန်း) မြို့နယ်များအတွင်းက ပြည်သူ ၂ သောင်းကျော် ဒီနေ့အထိ အသက်ဘေးလွတ်ရာ ပြောင်းရွှေ့နေရသလို အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူညီတွေ လိုအပ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။