DVB Logo
Home
မြန်မာသတင်း
ရန်ကုန် လေထုအရည်အသွေး ကျန်းမာရေး ထိခိုက်စေနိုင်
DVB
·
December 3, 2022
ရန်ကုန် လေထုအရည်အသွေး ကျန်းမာရေး ထိခိုက်စေနိုင်
Donate to DVB

ရန်ကုန်မှာ ဒီရက်ပိုင်း မီးခိုးမြူတွေအုပ်ဆိုင်းပြီး လေထုအရည်အသွေးဟာလည်း ကျန်းမာရေး ထိခိုက်စေနိုင်တဲ့အဆင့်ဖြစ်နေတာကို တွေ့ရပါတယ်။

လေထုအရည်အသွေးတိုင်းတာ ထုတ်ပြန်ပေးနေတဲ့ ဝက်ဘ်ဆိုက်တခုဖြစ်တဲ့ IQAir ရဲ့ ဒီဇင်ဘာ ၂ ရက် ညပိုင်းထုတ်ပြန်ချက်အရ ရန်ကုန်ရဲ့ လေထုအရည်အသွေးဟာ ခံနိုင်ရည်နည်းပါးသူတွေအတွက် ထိခိုက်နိုင်တဲ့အဆင့်ဖြစ်တယ်လို့ ဆိုပါတယ်။

"မျက်စိတွေ ပါးစပ်တွေ စပ်ဖျင်းဖျင်းဖြစ်တယ်။ ဘာကြောင့်လဲတော့ မသိပါဘူး။ မီးခိုးလိုဟာတွေကြောင့်လည်းဖြစ်နိုင်တယ်။ တခြားတော့ ဘာမှမဖြစ်ပါဘူး" လို့ ရန်ကုန်မှာ နေထိုင်သူတယောက်က ပြောပါတယ်။

ဒီရက်ပိုင်း ရန်ကုန်မှာ မြူတွေကျတယ်၊ မီးခိုးတွေရှိနေတယ်လို့ ဒေသခံတွေပြောဆိုနေကြပြီး ဒေသခံတယောက်ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ သွေးတွင်းအောက်စီဂျင်ကျခဲ့တယ်လို့ ဆိုပါတယ်။

လေထုအရည်အသွေးကို တိုင်းတာစစ်ဆေးရာမှာ အချက်အလက်တွေ အများကြီးရှိပေမယ့် အခုထုတ်ပြန်ချက်တွေကိုတော့ PM 2.5 လို့ခေါ်တဲ့ ၂ ဒသမ ၅ မိုက်ခရိုမီတာနဲ့ ဒါထက်ပိုသေးငယ်တဲ့ အမှုန်အမွှားပါဝင်နှုန်းအပေါ်မှာပဲ အခြေခံထားတာပါ။

IQAir ရဲ့ ဖော်ပြချက်အရ ရန်ကုန်ရဲ့ လေထုအရည်အသွေးအညွှန်းကိန်းဟာ ၁၄၄ ရှိပြီး PM 2.5 ပါဝင်နှုန်းက ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားတဲ့ ရှိသင့်တဲ့နှုန်းထက် ၁၀ ဆ ကျော်များနေတာပါ။

ဒီဇင်ဘာ ၁ ရက်နေ့မှာ အဲဒီအညွှန်းကိန်းဟာ ၁၀၅ ပဲရှိခဲ့ပြီး ၂ ရက်နေ့မှာ ပိုဆိုးသွားတာပါ။ လာမယ့်ရက်တွေမှာတော့ ညစ်ညမ်းနှုန်းကျသွားမယ်လို့ သူတို့က ခန့်မှန်းထားပါတယ်။

ရန်ကုန်ရဲ့ နေရာ ၃ ခုလောက်က လေထုအရည်အသွေး တိုင်းတာစက်တွေကနေ ရထားတဲ့ အချက်အလက်တွေဖြစ်လို့ ဒီအခြေအနေဟာ ရန်ကုန်တမြို့လုံးမှာ ဖြစ်နေတာတော့ မဟုတ်ပါဘူး။

နောက်ထပ် ဝက်ဘ်ဆိုက်တခုဖြစ်တဲ့ World's air pollution ကတော့ ရန်ကုန်မှာရှိတဲ့ အမေရိကန်သံရုံးရဲ့ အချက်အလက်တွေအရ PM 2.5 ပါဝင်နှုန်းဟာ ယေဘုယျအားဖြင့် ၉၁ ပဲရှိတာကြောင့် လက်ခံနိုင်တဲ့ လေထုအရည်အသွေးဖြစ်တယ်လို့ ဆိုပါတယ်။

ကျန်းမာရေး စစ်တမ်းတွေအရ လူသေဆုံးနိုင်စေတဲ့အကြောင်းရင်းတွေထဲမှာ သွေးတိုးတာက ထိပ်ဆုံးက ဖြစ်ပြီး ဆေးလိပ်သောက်တာက ဒုတိယလိုက်ပါတယ်။

အဲဒီနောက် သွေးတွင်းသကြားဓာတ်များတာပြီးရင် အိမ်တွင်းအိမ်ပြင် လေထုညစ်ညမ်းတာကြောင့် လူသေဆုံးနှုန်းများနေတယ်လို့ ဖော်ပြထားပါတယ်။

ဓာတ်ပုံ - မူရင်းရိုက်ကူးသူ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013