
မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှာ ဒီဇင်ဘာ ၁ ရက် ညနေက စစ်ကောင်စီ စစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ ၉ ယောက် သေဆုံး၊ ၁၀ ယောက်လောက် ဒဏ်ရာရခဲ့တယ်လို့ PDF-ဂန့်ဂေါ တောင်ပိုင်းတပ်ဖွဲ့က သိရပါတယ်။
ဂန့်ဂေါမြို့ကနေ နိုဝင်ဘာ ၃၀ ရက် မနက်ပိုင်းက ထွက်လာတဲ့ ခလရ- ၅၀ စစ်ကြောင်းကို ပျားရွာနဲ့ အောင်မြင်ရွာကြားက တံတားအရောက်မှာ စလစ်ပြောင်းတွေ၊ လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့ တာလို့ PDF-ဂန့်ဂေါ တောင်ပိုင်းတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုတိုးကြီးက ပြောပါတယ်။
အဲဒီစစ်ကြောင်းကိုပဲ ဒီဇင်ဘာ ၁ ရက် ညနေ ၂ နာရီ ၄၅ မိနစ်လောက်က မင်းရွာတံတားနားမှာ အသင့်စောင့်ကာ ပဒေသာမိုင်း ၄ လုံးနဲ့ တိုက်ခိုက်ခဲ့လို့ အလောင်း ၉ လောင်းနဲ့ ဒဏ်ရာရသူ ၁၀ ယောက်လောက်ကိုလည်း ဆွဲသွားတာ တွေ့ရတယ်လို့ ဆိုပါတယ်။
ကိုတိုးကြီးက “စစ်ကောင်စီဘက်က ရဟတ်ယာဥ်တစီး ဒီဇင်ဘာ ၂ ရက်နေ့ နေ့လယ်ပိုင်းမှာ မင်းရွာမှာဆင်းပြီး အလောင်းတွေနဲ့ လူနာတွေကို လာသယ်သွားတယ်။ ရဟတ်ယာဥ် မဆင်းခင် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်သေးတယ်”လို့ ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ ဒီဇင်ဘာ ၃ ရက် မနက်ပိုင်းမှာ မင်းရွာရဲစခန်းကနေ ဂန့်ဂေါမြို့ဘက်ကို ပြန်ထွက်သွားတယ်လို့ သိရပါတယ်။
ပျားရွာနဲ့ အောင်မြင်ရွာကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးခဲ့ကြပေမဲ့ အခု စစ်ကြောင်းပြန်ထွက်သွားလို့ ရွာထဲကို ပြန်ဝင်နေကြပြီလို့ ဒေသခံတချို့က ပြောပါတယ်။
တိုက်ပွဲနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်း မထုတ်ပြန်ပါဘူး။