Home
မြန်မာသတင်း
မောင်တောတွင် လူငယ်တဦး မိုင်းနင်းမိ
DVB
·
December 3, 2022
317631880_878070756548652_5166734221856648022_n

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း ဝက်ကျိန်းကျေးရွာက လူငယ်တဦး ဒီဇင်ဘာ ၃ ရက် နေ့လယ် ၁ နာရီကျော်လောက် မိုင်းနင်းမိပြီး ဘယ်ဘက်ခြေချင်းဝတ်ပြတ်ထွက်သွားတာကြောင့် မောင်တောခရိုင်ပြည်သူဆေးရုံကို အရေးပေါ်ယူဆောင်သွားရတယ်လို့ မျက်မြင်ဒေသခံတွေကပြောပါတယ်။

"သူက ဝက်ကျိန်းချောင်းမှာ ငါးရှာတယ်။တောတောင်တွေမှာ ဝါးခုတ်ပြီး အသက်မွေးဝန်းကျောင်းပြုနေတာ။ ဒီနေ့ မနက်မှာ ချောင်းမှာ ငါးရှာအပြီး တောင်ကုန်းပေါ်ကို တက်သွားတဲ့အချိန်မှာ မိုင်းနှင်းမိတာ။ ဘယ်ဘက်ခြေချင်း ဝတ်ပြတ်ထွက်သွားတယ်။ ဒဏ်ရာပြင်းတော့ ကြိမ်ချောင်းဆေးရုံက မောင်တောဆေးရုံကိုပို့လိုက်ရတယ်။" လို့ ဝက်ကျိန်းကျေးရွာလူကြီးတဦးက အတည်ပြုပြောပါတယ်။

ဝက်ကျိန်းကျေးရွာမှ မိုင်းနင်းမိပြီး ဘယ်ဘက်ခြေထောက်ခြေချင်းဝတ်ပြတ်ထွက် ဒဏ်ရာရရှိခဲ့သူမှာ "မောင်ကိန်းပေါ်" အသက် ၁၉ နှစ်ဖြစ်ပြီး ဝက်ကျန်းကျေးရွာအနီး စေတီတောင်ကုန်းမှာ ဝါးခုတ်ဖို့တက်သွားစဥ် မိုင်းနင်းမိခဲ့တာပါ။

ဝက်ကျိန်း ကျေးရွာအနီးရှိ စေတီတောင် ကုန်းပတ်ဝန်းကျင်မှာ စစ်ကောင်စီတပ်တွေ ရက္ခိုင်တပ်တော် အေအေဘက်မှလည်း စခန်းချနေထိုင်ခဲ့ကြသလို နှစ်ဖက်တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့တဲ့နေရာတခုဖြစ်ပြီး အခုပေါက်ကွဲတဲ့ မိုင်းဟာ ဘယ်အဖွဲ့က ထောင်ထားခဲ့တယ်ဆိုတာ မသိဘူးလို့ ကျေးရွာဒေသခံတွေက ပြောဆိုကြပါတယ်။

ဒီဇင်ဘာ ၂ ရက်နေ့ ညနေကလည်း ဘူးသီးတောင်မြို့နယ်၊ ဂူတာပြင်ကျေးရွာအုပ်စု၊ တောင်ရွာက ဒေသခံတဦး မိုင်းနင်းမိပြီး ခြေထောက် ၂ ဖက်လုံး ဒဏ်ရာများပြင်းထန်စွာရရှိခဲ့ပါတယ်။

စစ်ကောင်စီနဲ့ အေအေ တို့ အပစ်အခတ်ရပ်ဆဲ့ပြီးနောက် မောင်တောခရိုင် ဘူးသီးတောင် နဲ့ မောင်တောမြို့တို့မှာ ဒေသခံတွေ ရက်ဆက် မိုင်းနင်းမိ ဒဏ်ရာရရှိနေကြတာလည်း ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024