
လတ်တလော စစ်ရေးအရှိန်မြင့်နေတဲ့ တနင်္သာရီဒေသမှာ နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ်နဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ PDF ၆ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေး တပ်တွေထံဆီက သိရပါတယ်။
နိုဝင်ဘာ ၉ ရက်မှာ ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဦး၊ တပ်ခွဲ(၁)က တပ်ခွဲမှူး ရဲဘော်သံတိုင်၊ နိုဝင်ဘာ ၁၀ ရက်မှာ မြိတ်ခရိုင်တပ်ရင်း ၁ က ရဲဘော်ပလ၊ နိုဝင်ဘာ ၁၆ ရက်က မြိတ်ခရိုင် တပ်ရင်း ၂က ဒုတပ်စိတ်မှူးတွေဖြစ်တဲ့ ရဲဘော်ပျံလွှားနဲ့ ရဲဘော်လူတော်၊ နိုဝင်ဘာလ ၂၄ ရက်က မိုင်းသွားဆင်တဲ့ ပုလောအခြေစိုက် တောကြီးမြွေဟောက်တပ်ဖွဲ့က ရဲဘော်မိုက်၊ နိုဝင်ဘာလ ၂၆ ရက်မှာ ဘက်မလိုက်ပျောက်ကျားတပ်ဖွဲ့က ရဲဘော်ဒေါင်းမင်းတို့ သေဆုံးခဲ့တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေဆီက သိရပါတယ်။
တနင်္သာရီတိုင်း ထားဝယ်ခရိုင်ထဲက အရှေ့တောဒေသနဲ့ နဘုလယ်ဒေသမှာ နိုဝင်ဘာလဆန်းပိုင်းက စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲ ခပ်စိပ်စပ်ဖြစ်ခဲ့သလို နိုဝင်ဘာလလယ်ကနေစပြီး သရက်ချောင်းမြို့နယ်၊ မြိတ်ခရိုင်၊ ပုလောဒေသနဲ့ တနင်္သာရီမြို့နယ်တွေမှာ ထိတွေ့တိုက်ပွဲနဲ့ စစ်ဆင်ရေး ဆက်တိုက်ဖြစ်ပွားနေခဲ့ပါတယ်။
ထိတွေ့တိုက်ပွဲတွေနဲ့ စစ်ဆင်ရေးတွေမှာ စစ်ကောင်စီတပ်ဟာ အထိနာနေတယ်လို့ ဒေသ ကာကွယ်ရေးတပ်ဖွဲ့ တွေရဲ့ မှတ်တမ်းအရ သိရပါတယ်။