မန္တလေးမြို့အထွက် ပြင်ဦးလွင်မြို့အတက်လမ်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ FAW ကားတစီးကို ဒီဇင်ဘာ ၂ ရက် ညနေ ၃ နာရီလောက်က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မန္တလေးမြို့ပြပြောက်ကျားတပ်ဖွဲ့ NUG:FF မြေခွေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ပြင်ဦးလွင်မှ မန္တလေးဘက်လာတဲ့ စစ်ကောင်စီ Faw တစီးကို ပြင်ဦးလွင်မြို့ အတက်လမ်း၊ သမ္မတောရွာနဲ့ သန့်စင်ကုန်းရွာကြား အောင်ပင်လယ်တိုးဂိတ်အနီးမှာ TNT မိုင်းအမျိုးအစား မိုင်း ၁ လုံးနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ NUG:FF တာဝန်ခံက ပြောပါတယ်။
"ကိုယ်တိုင်ထုတ်ထားတဲ့ မိုင်းနဲ့တိုက်တာ။ မိုင်းက (-) ကားရှေ့ ခေါင်းပိုင်းကို ကွက်တိပဲ။ ကားလည်း ရှေ့ဆက်မသွားနိုင်ဘူး။ ကားရှေ့ခန်းမှာထိုင်တဲ့ (-) နှစ်ကောင်တော့ သေတာ သေချာတယ်။"
အဆိုပါတိုက်ခိုက်မှုကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၄ ရက်မှာ ကျဆုံးသွားတဲ့ NUG:FF မြေခွေးတပ်ဖွဲ့ မှ တပ်ခွဲမှူး ကိုကျော်နဲ့ တပ်စိတ်မှူးရဲရဲ တို့ရဲ့ ကျဆုံးမှု တနှစ်ပြည့်အနေနဲ့ သွေးကြွေးတောင်းယူတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်မှာလည်း မှန်နွဲကျေးရွာအနီးမှာ နိုဝင်ဘာ ၃၀ ရက် မနက်က စစ်ကောင်စီတပ်ဖွဲ့ လိုက်ပါလာတဲ့ကားကို ဒေသတွင်း တော်လှန်ရေးအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့ခေါင်းဆောင် အပါအဝင် ၆ ယောက် သေဆုံးသွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်က ပြောပါတယ်။
“ကားပါ ပက်လက်လန်သွားပြီး ထော်သာရွာကအုပ်ကြီး အဲစွာနဲ့ ပျူခေါင်းဆောင် အပါအဝင် ပျူ ၄ ယောက် စုစုပေါင်း ၆ ယောက် သေသွားတယ်။ လက်နက်တွေလည်း ရလိုက်တယ်။”
MA-2 စက်ကလေး ၁ လက်၊ MA-4 လက်ထောက်တွဲလောင်ချာ ၁ လက်နဲ့ ကာဘိုင် ၂ လက် စုစုပေါင်း ၄ လက် ရရှိခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ခိုက်ခံရတဲ့ ထော်သာရွာအုပ်ချုပ်ရေးမှူး အဲစွာဟာ လမ်းဂိတ်ကြေး အဆမတန်တောင်းတာ၊ ရွှေမျောတွေက ငွေကောက်ခံ တောင်းယူတာ၊ ရွာသူရွာသားတွေအပေါ် မထင်ရင်မထင်သလို စစ်ကောင်စီကို သတင်းပေး ဖမ်းဆီးခိုင်းသူလည်း ဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
အဆိုပါ တိုက်ခိုက်မှုနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ပျူစောထီးတွေ ထိခိုက်သေဆုံးမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်တာ မရှိသလို ထိခိုက်သေဆုံးမှု အရေအတွက်ကိုတော့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။