Home
သုံးသပျခကျြ
ပုဒ်မ ၁၇ (၁) နဲ့ တရားစွဲဖို့ သင့် မသင့်(သတင်း သုံးသပ်ချက်)
ရွှေအောင်
·
May 16, 2014
ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်၊ ပင်းတောက်ကျေးရွာအုပ်စု၊ နမ့်လင်းမိုင်ကျေးရွာက ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD စည်းရုံးရေးမှူး စိုင်းအိုက်ကိန်ကို ဒေသအာဏာပိုင်တွေက မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇(၁) နဲ့ တရားစွဲဖို့ လုပ်နေပါတယ်။ ဒီလိုလုပ်ဆောင်နေတာတွေ ရပ်တန့်ပေးဖို့ SNLD ပါတီက မေလ ၁၅ ရက်ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။ ကြေညာချက်ထဲ ဖော်ပြချက်အရ ပါတီစည်းရုံးရေးမှူး စိုင်းအိုက်ကိန်ဟာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS / SSA နဲ့ အဆက်အသွယ်ရှိပြီး RCSS ကပေးထားတဲ့ သေနတ်တလက်ရှိတယ်လို့ စွပ်စွဲကာ အတင်းအဓမ္မ ၀န်ခံခိုင်းနေတယ်လို့လည်း သိရပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်ရပ်ဆွေးနွေးနေတဲ့အချိန် မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁) နဲ့ တရားစွဲဖို့ လုပ်နေတာဟာ သင့်တော်ပါရဲ့လား။ ရန်ကုန်မြို့က ရှေနေကြီး ဦးအောင်သိန်းကတော့ နိုင်ငံတော်သမ္မတကိုယ်တိုင် အဲ့ဒီ ၁၇(၁)နဲ့ မငြိဘူးလားလို့ မေးခွန်းထုတ်ပါတယ်။ [caption id="attachment_56689" align="alignright" width="234"]ရှေ့နေ ဦးအောင်သိန်း ရှေ့နေ ဦးအောင်သိန်း[/caption]“ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပုဒ်မ ၁၇ တို့ ၁၇ (၁) (၂)တွေကို ဖျက်ဖို့ ပြောနေတာ အလကား ပြောနေတာ မဟုတ်ဘူး။ အဲဒီလို ဥပဒေကို လိုရင် လိုသလို၊ မလိုရင် မလိုသလို လုပ်လို့မရအောင် မဖြစ်အောင် အဲဒီလို အဖွဲ့အစည်းတွေက ကြိုပြီးတော့ တင်ပြပြောဆိုနေတာ ရှိတယ်လို့ ကျနော်တို့ သိရတယ်။ အဲဒီတော့ နိုင်ငံတော် အကြီးအကဲဆိုရင်ကော ဒီအဖွဲ့အစည်းတွေနဲ့ လက်ခံတွေ့ဆုံတဲ့ အခါမှာ မတရားအသင်းနဲ့ ဆက်သွယ်ရာ မရောက်ဘူးလားဆိုတာ မေးခွန်း မေးစရာဖြစ်လာတယ်။ အဲဒီတော့ သမ္မတကိုယ်တိုင်ကတောင်မှ ဒီလို အဖွဲ့အစည်းနဲ့ တွေ့ဆုံ ဆွေးနွေးတဲ့အဆင့် ရောက်နေပါလျက်နဲ့ ဒီအဖွဲ့အစည်းနဲ့ ဆက်သွယ်တယ်ဆိုတဲ့ အကြောင်းပြချက် တခုနဲ့ ဒီလိုအရေးယူတယ်ဆိုတာက မဖြစ်သင့်ဘူး။ အဓိက ပြောမယ်ဆိုရင် သမ္မတကိုယ်တိုင်က ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဒီလို ပုဂ္ဂိုလ် အဖွဲ့အစည်းတွေနဲ့ တွေ့နေတယ်ဆိုတာ ကရော တရားဝင်တယ်လို့ ပြောလို့ ရ မရ စဉ်းစားစရာတွေ အများကြီး ဖြစ်လာတယ်။” ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်းပါတီ ဒုဥက္ကဋ္ဌ ဦးစောသန်းမြင့်က ၁၇(၁)နဲ့သာ တရားစွဲမယ်ဆိုရင် သူတို့ တောင်ပေါ်တိုင်းရင်းသားတွေ တယောက်မှ လွတ်မယ် မထင်ဘူးလို့ ပြောပါတယ်။ [caption id="attachment_56690" align="alignright" width="300"]ဦးစောသန်းမြင့် ဦးစောသန်းမြင့်[/caption]“ကျနော်တို့ ပါတီအဖွဲ့အစည်းတွေထဲမှာ ကျားဖြူဖြစ်စေ၊ ကျားခေါင်းဖြစ်စေ အခြားပါတီဝင်တွေ ဖြစ်စေ သက်ဆိုင်ရာနယ်မြေမှာ ရှိတဲ့ ပုဂ္ဂိုလ်တွေဟာ လုပ်ငန်းအရဖြစ်စေ ဆွေမျိုးသားချင်းအရဖြစ်စေ ချိတ်ဆက်နေတာတွေ ရှိတယ်။ ဥပမာ - ရှမ်းနဲ့ ပတ်သက်တဲ့ အက်စ်အက်စ်အေ ဆိုရင် ကျနော်က ရှမ်းအမျိုးသားဖြစ်တဲ့အတွက် သူတို့နဲ့ ဆွေမျိုးတော်စပ်တာ လည်း ဖြစ်နိုင်တယ်။ သို့မဟုတ်ရင် အခြား မိသားစုအကြောင်းအရာ ကိစ္စတွေ ပတ်သက်တာလည်း ဖြစ်နိုင်တယ်။ သို့မဟုတ်ရင် လုပ်ငန်းသဘောအရ အချို့နေရာမှာ မလွှဲသာ မရှောင်သာ ချိတ်ဆက်ရတဲ့ အနေအထား ရှိတယ်။ ဒီဟာအားလုံးကို ၁၇ (၁) မတရားအသင်း ဥပဒေနဲ့ အရေးယူမယ်ဆိုရင်တော့ ကျနော်ထင်ပါတယ်၊ ကျနော်တို့ တောင်ပေါ်ဒေသမှာ အားလုံးလိုလို ၁၇ (၁)နဲ့ အကုန်လုံး ငြိလိမ့်မယ်လို့ ကျနော် ထင်တယ်။ ဘာပဲဖြစ်ဖြစ် ၁၇ (၁)နဲ့ လုပ်မယ့်အစား သူ့ရဲ့ ကိုယ်ရေးကိုယ်တာနဲ့ ပတ်သက်တဲ့ ပြစ်မှုပဲ ဖြစ်စေချင်တယ်။ ၁၇ (၁)ကတော့ မဖြစ်စေချင်ဘူး။ ၁၇ (၁)နဲ့ ဆွဲတာ သဘောမကျဘူး။ မဖြစ်သင့်ဘူးလို့ ယူဆတယ်။” သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက ဒီ ပုဒ်မ ၁၇(၁) ဖျက်သိမ်းဖို့ လွှတ်တော်တင်ခဲ့ဖူးပြီး မအောင်မြင်ခဲ့ဘူးလို့ ပြောပါတယ်။ ဒါကြောင့် ဒီဥပဒေနဲ့ ပတ်သက်ပြီး အပိုဒ်ခွဲ တပိုဒ် ထည့်သွင်းသင့်တယ်လို့ အခုလို သုံးသပ် ပြောပါတယ်။ [caption id="attachment_56691" align="alignright" width="300"]ဦးရဲထွန်း ဦးရဲထွန်း[/caption]“အစိုးရနဲ့ ဆက်သွယ်ဆောင်ရွက်ပြီးတော့ တရားဝင် ရုံးဖွင့်ခွင့်တွေ ပေးလိုက်ပြီဆိုတဲ့ နေ့ကစပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ မပျက်မချင်းကာလတလျှောက်မှာ ဒီဥပဒေကို ကျင့်သုံးရန်မလိုဆိုတဲ့ ပုဒ်မခွဲလေးတခု ထပ်ပြီးတော့ ဖြည့်ပေးဖို့ လိုလိမ့်မယ်လို့ ကျနော် ယူဆတယ်။ ဒါမှ မဟုတ်လို့ရှိရင်တော့ ဒီဥပဒေနဲ့ အရေးယူမယ်ဆိုရင် ဦးအောင်မင်းတို့၊ ဦးလှမောင်ရွှေတို့၊ ဦးသိန်းဇော်တို့လည်း ဒီဥပဒေနဲ့ကြည့်မယ်ဆိုရင် မလွတ်ကင်းဘူးလို့ ယူဆရမှာဖြစ်ပါတယ်။” ကချင်ငြိမ်းချမ်းရေးကွန်ရက်က ဒေါ်ခွန်ဂျာကတော့ အင်္ဂလိပ်ခေတ်ကတည်းက ပြဋ္ဌာန်းခဲ့တဲ့ ပုဒ်မ ၁၇(၁)နဲ့ မြန်မာပြည်သူတွေဘ၀ လွတ်လပ်ရေး မရသေးသလို ဖြစ်နေတယ်လို့ ဝေဖန် ပြောကြားလိုက်ပါတယ်။ [caption id="attachment_56692" align="alignright" width="300"]ဒေါ်ခွန်ဂျာ ဒေါ်ခွန်ဂျာ[/caption]“အပစ်အခတ် ရပ်စဲရေးလက်မှတ်ထိုးထားတယ်။ ဒါပေမယ့် ဆက်ပြီး အတိုက်ခံနေရတယ်။ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးထားတယ်၊ ဒါပေမယ့် မတရားအသင်းလို့ ကြေညာခံနေရတယ်။ သူတို့နဲ့ အမှန်တကယ် ဆက်သွယ်တယ်ဆိုရင်လည်း ပုဒ်မ ၁၇ (၁) နဲ့ အစွဲခံရတယ်။ မဆက်သွယ်တဲ့သူတွေကိုလည်း ၁၇(၁) ပုဒ်မနဲ့ တရားစွဲမယ်ဆိုရင် ကျမတို့ မြန်မာနိုင်ငံသားတွေအတွက် လုံခြုံမှုဆိုတာ လုံးဝမရှိတော့ပါဘူး။ ၁၇ (၁) ကို ပြည်ကြည့်မယ်ဆိုရင် ၁၉၀၈ ခုနှစ်မှာ ပြဋ္ဌာန်းထားတဲ့ ပုဒ်မဖြစ်တယ်။ အဲအချိန်တုန်းက မြန်မာနိုင်ငံသားတွေကို လွတ်လပ်ရေးမရအောင်၊ အင်္ဂလိပ်အစိုးရကို တော်လှန်မှုမရှိအောင် နှိပ်ကွပ်ထားတဲ့ ပုဒ်မဖြစ်တယ်။ အခုဆို လွတ်လပ်ရေးရတာလည်း ဒီလောက်ကြာနေပြီ။ နောက်ပြောမယ်ဆိုရင် ဒီမိုကရေစီအစိုးရလို့ ပြောတယ်။ ဒါပေမယ့် ကိုလိုနီခေတ်က ဒီပုဒ်မကြီးနဲ့ အစိုးရကို မတော်လှန်နိုင်အောင် နှိပ်ကွပ်ထးတဲ့ ဒီပုဒ်မကြီးဆက်ရှိနေမယ်ဆိုရင် ကျမတို့ မြန်မာနိုင်ငံ ဘယ်တုန်းကမှ မလွတ်လပ်တဲ့ တိုင်းပြည်လိုမျိုး ဖြစ်နေတယ်။” ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မေ ၁၅ ကြေညာချက်မှာတော့ တနိုင်ငံလုံး အပစ်ရပ်စဲရေး လုပ်ငန်းကို ထိခိုက်ပျက်စီးစေမယ့် အောက်ခြေတပ်ရင်းတပ်ဖွဲ့တွေရဲ့ အသေးအဖွဲ လုပ်ရပ်မှားတခုကြောင့် တိုင်းရင်းသားတွေ ယုံကြည်မှုဆုံးရှုံးနိုင်တယ်လို့ ထောက်ပြထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024