DVB Logo
Home
မြန်မာသတင်း
ရည်ညွှန်းရွှေဈေးနှုန်း တကျပ်သားကို ကျပ် ၂၁ သိန်းကျော်ထိ မြင့်တက်လာ
DVB
·
December 2, 2022
ရည်ညွှန်းရွှေဈေးနှုန်း တကျပ်သားကို ကျပ် ၂၁ သိန်းကျော်ထိ မြင့်တက်လာ
Donate to DVB

ကမ္ဘာ့ရွှေဈေးမြင့်တက်လာတာကြောင့် ရန်ကုန်ရွှေလုပ်ငန်းရှင်အသင်း (YGEA) ရဲ့ ရည်ညွှန်း ရွှေစျေးနှုန်း ကျပ် ၂၁ သိန်းအထက်ကို ရောက်ရှိလာပြီး မနေ့ကနှုန်းထားထက် ၁ ဒသမ၄ ရာခိုင်နှုန်း မြင့်တက်လာပါတယ်။

YGEA ရည်ညွှန်းဈေးနှုန်းဟာ မနေ့က တစ်ကျပ်သားကို ကျပ် ၂၀၉၂၀၀၀ နဲ့ စျေးပိတ်ခဲ့ပြီး ဒီနေ့ မနက်ပိုင်းမှာတော့ ၂၁၁၅၀၀၀ ကျပ်နဲ့ စျေးကွက်ဖွင့်ခဲ့ပါတယ်။ အဲဒီနောက်  ဒီကနေ့ မွန်းလွဲပိုင်းမှာတော့ ရည်ညွှန်းဈေးနှုန်းက ၂၁၂၂၀၀၀ ကျပ်ထိ ထပ်မံမြင့်တက်လာပါတယ်။

ဈေးကွက်ပေါက်ဈေးနှုန်းကတော့ ရည်ညွှန်းဈေးနှုန်းထက် ငွေကျပ် ၅ သိန်းခွဲဝန်းကျင်  ပိုများနေပြီး လက်ရှိ‌ဈေးကွက်မှာ ရွှေတစ်ကျပ်သားကို ငွေကျပ် ၂၆၇၀၀၀၀ ဝန်းကျင်နဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ ရွှေစျေးကွက်အတွင်းက သိရပါတယ်။

လက်ရှိ ကမ္ဘာ့ရွှေဈေးနှုန်းက  တစ်ထရိုင်အောင်စကို အမေရိကန်ဒေါ်လာ ၁၈၀၀ ကျော်ထိ မြင့်တက်နေပြီး သုံးလပတ်အတွင်း အမြင့်ဆုံးနှုန်းထားကို ရောက်ရှိနေပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်မှာ ဖြစ်ခဲ့တဲ့ နှုန်းထားတဲ့ယှဉ်ရင် အမေရိကန်ဒေါ်လာ  ၅၀ ဝန်းကျင် မြင့်တက်လာတာတွေ့ရပြီး ရာခိုင်နှုန်း အနေနဲ့  ၂ ဒသမ ၉ ရာခိုင်နှုန်း ဝန်းကျင် မြင့်တက်လာတာပါ။ ရန်ကုန်ရွှေလုပ်ငန်းရှင်အသင်း(YGEA)ရဲ့ ရည်ညွှန်းရွေစျေးနှုန်းကတော့ တစ်ပတ်အတွင်း ၂ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်လာပါတယ်။

ကမ္ဘာရွှေစျေနှုန်းအမြင့်ကြောင့်  YGEA ရည်ညွှန်းဈေးနှုန်း လှုပ်ခတ်လာပေမဲ့ အမှန်တစ်ကယ် ဈေးကွက်ပေါက်ဈေးနှုန်းကတော့ ၂၆၇၀၀၀၀ ဝန်းကျင်မှာပဲ အရောင်းအဝယ်ဆက်ဖြစ်နေပြီး  တစ်ပတ်အတွက် စျေးနှုန်းအနည်းငယ်သာ အပြောင်းအလဲ ရှိခဲ့ပါတယ်။

ရန်ကုန်မြို့က ရွှေဆိုင်လုပ်ငန်းရှင် တစ်ဦးက “လောလောဆယ် စျေးကွက်ပေါက်စျေးကတော့ငြိမ်နေပါတယ်။ ၂၆ သိန်းနဲ့ ၂၇ သိန်းကြားမှာပဲ ငြိမ်နေတာ တော်တော်လေးကြာနေပါပြီ။ ရွှေဆိုင်တွေကတော့ အရောင်းအဝယ်လည်းပါးပါတယ်။ ထူးထူးခြားခြား အပြောင်းအလဲမရှိရင်တော့ ဒီအတိုင်းပဲ ဆက်ငြိမ်နေမယ်ထင်တယ်”လို့ ပြောပါတယ်။

လက်ရှိမှာ ရွှေအထည်စျေးကွက် အရောင်းအဝယ်ပါးနေသလို ရွှေအတုံးအခဲ စျေးကွက်မှာလည်း စစ်ကောင်စီက စျေးနှုန်းကန့်သတ် ထိန်းချုပ်နေတာတွေကြောင့် တရားဝင်အရောင်းအဝယ်ထက် မှောင်ခိုအရောင်းအဝယ်သာ အားကောင်းနေတယ်လို့ ရွှေကုန်သည်တွေထံက သိရပါတယ်။

‌ရွှေကုန်သည်တစ်ဦးက “အတုံးစျေးကွက်ကတော့ ကြာပါပြီ စျေးကွက်ပျက်နေတယ်လို့ ခေါ်ရမှာပေါ့။ သူတို့အသင်းရုံးမှာလည်း အရောင်းအဝယ်လည်း မဖြစ်တော့ပါဘူး။ သူတို့ စျေနှုန်းကန့်သတ်ချက်တွေ ပယ်ဖျက်လိုက်ရင်တော့ အရင်တိုင်းပဲ ပုံမှန်လွတ်လွတ်လပ်လပ် ရောင်းကြ ဝယ်ကြပြန်ဖြစ်မှာပေါ့။ ဒီကန့်သတ်ချက်တွေ ရှိနေတော့ လူတွေက မရောင်းရဲ၊ မဝယ်ရဲ၊ အဖမ်းခံရမှကြောက် ဟိုပြေး၊ ဒီပြေး ဖြစ်နေကြတာ”လို့ ပြောပါတယ်။

ဒီကနေ့ ကမ္ဘာ့ရွှေဈေးနှုန်းနဲ့အတူ YGEA ရည်ညွှန်းရွှေစျေးနှုန်း မြင့်တက်လာပေမဲ့ မြန်မာကျပ်ငွေနဲ့ ဒေါ်လာငွေနှုန်းကတော့ တစ်ဒေါ်လာကို ၂၉၀၀ ကျပ်ဝန်းကျင်နဲ့ စျေးကွက်မှာ အရောင်းအဝယ်ဖြစ်နေပြီး အဲဒီနှုန်းထားနဲ့ အချိန်ကြာကြာ စျေးငြိမ်နေတာတွေ့ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013