Home
မြန်မာသတင်း
ဆားလင်းကြီးမြို့နယ်၌ ချင်းတွင်းမြစ်ကို ဆန်တက်လာသည့် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ
DVB
·
December 2, 2022

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲမှာ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်ကောင်စီတပ်တွေကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်တွေက ဝိုင်းဝန်းတိုက်ခိုက်ခဲ့လို့ အထိနာခဲ့ပြီး စစ်တပ်တွေဟာ ပြည်သူတွေရဲ့ ကျေးရွာ ၄ ရွာကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ 

နိုဝင်ဘာ ၂၄ ရက်ကစလို့ ချင်းတွင်းမြစ်ကြောင်းအတိုင်း စစ်ကောင်စီတပ်သားတွေ ပါလာတဲ့ ရေယာဉ်တွေ ဆန်တက်လာတယ်ဆိုတဲ့ သတင်းကြောင့် မဟာမိတ်တပ်တွေဟာ စောင့်ဆိုင်းနေခဲ့ကြပြီး အဲဒီရေယာဉ်တွေဟာ ၂၇ ရက်နေ့မှာ ဆားလင်းကြီးမြို့နယ်ထဲကို ရောက်လာပါတယ်။ 

နိုဝင်ဘာ ၂၈ မနက်ပိုင်းမှာတော့ ဆန်တက်လာတဲ့ ရေယာဉ်တွေကို မဟာမိတ် ၂၃ ဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့လို့ ၆ စင်းထဲမှာ ၃ စင်းက သောင်တင်သွားပေမယ့် ကျန် ၃ စင်းကတော့ မုံရွာဘက်ကို ဆက်လက်ဆန်တက်သွားခဲ့တယ်လို့ One Star Task Force (ယင်းမာပင်ခရိုင်တပ်ရင်း (၁၆)၊တပ်ခွဲ(၂) ရဲ့ တာဝန်ခံက ဗိုလ်ကျော်ကြီးက ပြောပါတယ်။ 

တိုက်ခိုက်ခံရလို့ သေဆုံးသွားတဲ့ စစ်သား ၂ လောင်းနဲ့ ဒဏ်ရာရသူ ၉ ယောက်ကို မုံရွာကမ်းဘေးမှာထားခဲ့ပြီး သောင်တင်နေတဲ့ ရေယာဉ်တွေဆီကို ပြန်လာတဲ့ အချိန်မှာလည်း မဟာမိတ်တပ်တွေက ၂ ကြိမ်ထပ်ပြီး မိုင်းခွဲ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်သား ၁၀ ယောက်လောက် အနည်းဆုံး သေဆုံးနိုင်တယ်လို့ ဆိုပါတယ်။ 

နိုဝင်ဘာ ၂၉ ရက်နေ့မှာတော့ မဟာမိတ်တပ်တွေ ထပ်ရောက်လာတာကြောင့် အဖွဲ့ ၃၀ ကျော်သွားပြီး ကျောက်ချထားတဲ့ စစ်တပ်ရေယာဉ် ၅ စင်းကို မနက်ပိုင်းမှာ RPG တွေ၊ လက်နက်ငယ်တွေနဲ့ သွားရောက်တိုက်ခိုက်လို့ စစ်သားအသေအပျောက် ရှိနိုင်ပေမယ့် အရေအတွက်ကိုတော့ မသိရသေးပါဘူး။ 

မဟာမိတ်တပ်တွေဟာ လက်နက်အင်အားမမျှတာနဲ့ ကျည်မလုံလောက်တာကြောင့် ပြန်ဆုတ်ခွာလာခဲ့ပြီး တပ်သားရဲဘော် နှစ်ယောက်ကတော့ မိုင်းမတော်တဆဖြစ်လို့ ဒဏ်ရာနည်းနည်းရခဲ့တယ်လို့ ဆိုပါတယ်။ 

ဗိုလ်ကျော်ကြီးကတော့ ဒီရက်ပိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ မဟာမိတ်တပ်တွေ ထိတွေ့ တိုက်ခိုက်တာ ၆ ကြိမ်ဖြစ်ခဲ့ပြီး စစ်သား ၂၀ လောက်သေဆုံးနိုင်တယ်လို့ ခန့်မှန်းပေမဲ့ စစ်ကောင်စီက တိုက်ပွဲသတင်းထုတ်ပြန်တာမရှိသလို သေဆုံးဒဏ်ရာရသူ အရေအတွက်ကို သီးခြား အတည်ပြုနိုင်တာလည်း မရှိသေးပါဘူး။ 

အထိနာသွားတဲ့ စစ်ကောင်စီတပ်တွေဟာ ဆားလင်းကြီးမြို့နယ်ထဲက ဆားထုံး၊ ထန်းဇင်၊ တောကျောင်းနဲ့ လက်ပံကျွန်းရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ 

တောကျောင်းမှာ ၃၂ အိမ်၊ ထန်းဇင်မှာ ၂၄ အိမ်၊ ဆားထုံးမှာ အိမ် ၂၀၀ ကျော်နဲ့ လက်ပံကျွန်းမှာ ၃၄ အိမ် မီးလောင်သွားတယ်လို့  ဒေသခံတယောက်က ပြောပါတယ်။ 

ဆားလင်းကြီးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးနေလို့ ရွာပေါင်း ၁၅ ရွာလောက်က ဒေသခံ ၁၀၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024