Live
Home
မြန်မာသတင်း
မြန်မာအကျဉ်းထောင်မှ လွတ်မြောက်လာသည့် ပါမောက္ခရှောင်တာနယ်ကို ဩစတြေးလျ လွှတ်တော်နှင့် ဝန်ကြီးချုပ်က ဂုဏ်ပြု
DVB
·
December 2, 2022

မြန်မာနိုင်ငံရှိ အကျဉ်းထောင်ထဲမှာ ၂ နှစ်နီးပါးကြာအောင် အကျဉ်းချခံခဲ့ရတဲ့ ဩစတြေးလျ စီးပွားရေးပညာရှင် ပါမောက္ခရှောင်တာနယ်ကို  ဒီဇင်ဘာလ ၁ ရက်က ဩစတြေးလျ လွှတ်တော်ထဲမှာ သူရဲကောင်းတယောက်လို ချီးကျူးဂုဏ်ပြုခဲ့ကြတယ်လို့ AP သတင်းမှာ ဖော်ပြပါတယ်။

မစ္စတာရှောင်တာနယ်ကို ဩစတြေးလျလွှတ်တော်အမတ်တွေက မတ်တတ်ရပ် ကြိုဆိုခဲ့ကြသလို ဝန်ကြီးချုပ်ကလည်း သူ့ရဲ့ သတ္တိ၊ အကောင်းမြင်စိတ်နဲ့ ခံနိုင်ရည်ရှိမှုတွေကို ချီးကျူးပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံက ရွေးကောက်ခံလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး မစ္စတာရှောင်တာနယ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၇ ရက်နေ့ကမှ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အင်းစိန်ထောက်ကနေ ပြန်လည်လွတ်မြောက်လာခဲ့ပြီး ပြည်နှင်ဒဏ်ပေးခံခဲ့ရတာပါ။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းအပြီး ရက်ပိုင်းအတွင်းမှာပဲ ဩစတြေးလျကို ပြန်ဖို့စီစဉ်နေတဲ့ မစ္စတာရှောင်တာနယ်တယောက် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာ ဖြစ်ပြီး အဲဒီနောက် ၂၀၂၂ ခုနှစ် စက်တင်ဘာလမှာ သူ့ကို စစ်ကောင်စီက နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေ၊ လူဝင်မှုကြီးကြပ်ရေးဥပဒေတို့နဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရပါတယ်။ 

၂၀၂၂ ခုနှစ်အတွက် ဩစတြေးလျလွှတ်တော် ကျင်းပတဲ့ နောက်ဆုံးရက် ဖြစ်တဲ့ ဒီဇင်ဘာ ၁ ရက်မှာ ဆစ်ဒနီမြို့က အသက် ၅၈ နှစ်အရွယ် မစ္စတာရှောင်တာနယ်နဲ့ သူ့ရဲ့ဇနီးသည်တို့ဟာ ဩစတြေးလျလွှတ်တော်အတွင်း အမတ်တွေက မတ်တတ်ရပ် ကြိုဆိုဂုဏ်ပြုကြတာကို ခံယူခဲ့ကြရပါတယ်။

ဩစတြေးလျဝန်ကြီးချုပ် အန်သိုနီအယ်လ်ဘန်နီးစ်က “ဆရာ ဒီကိုပြန်ရောက်လာတဲ့အတွက် ကျနော်တို့ ဘယ်လောက်ဂုဏ်ယူဝမ်းမြောက်နေသလဲဆိုတာ ဒီကလူတွေရဲ့ တုံ့ပြန်မှုကိုသာ ကြည့်ပေတော့”လို့ ရှောင်တာနယ်တို့စုံတွဲကို ပြောခဲ့ပါတယ်။ 

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးတွေကို စစ်တပ်က စိတ်တိုင်းကျ ဖောက်ဖျက် ကျူးလွန်နေတယ်လို့လည်း ဝန်ကြီးချုပ် အယ်လ်ဘန်နီးစ်က ပြောပါတယ်။ 

မစ္စတာရှောင်တာနယ် ပြန်လည်လွတ်မြောက်ရေးအတွက် ဩစတြေးလျရဲ့ ကြိုးပမ်းမှုကို ဝိုင်းဝန်းကူညီပေးခဲ့ကြတဲ့ အာဆီယံအဖွဲ့နဲ့ ဂျပန်နိုင်ငံတို့ကိုလည်း ကျေးဇူးတင်ကြောင်း ဝန်ကြီးချုပ် အယ်လ်ဘန်နီးစ်က ပြောပါတယ်။

သူ ဖမ်းဆီးခံထားခဲ့ရတဲ့ ရက်ပေါင်း ၆၅၀ မှာ ကြုံတွေ့ခံစားခဲ့ရတာတွေဟာ ဘယ်လိုလူသားတွေမှ ခံစားကြုံတွေ့ရဖို့ မထိုက်တန်တဲ့ အညှာတာကင်းမဲ့ လူသားမဆန်တဲ့ အခြေအနေတွေဖြစ်ပြီး ဒါကိုသူက ဂုဏ်သိက္ခာရှိရှိနဲ့ ရင်ဆိုင်ကျော်ဖြတ်နိုင်ခဲ့တာပါလို့ အယ်လ်ဘန်နီးစ်က လွှတ်တော်မှာ ပြောပါတယ်။ 

“ဆရာ့ရဲ့ လွတ်မြောက်လာမှုအပေါ် ကျနော်တို့ရဲ့ အားရကျေနပ်မှုနဲ့ ဝမ်းမြောက်မှုဟာ အတိုင်းမသိပဲ။ ဆရာ့ရဲ့ ရင်ဆိုင်ရဲတဲ့သတ္တိ၊ အကောင်းမြင်စိတ်နဲ့ ခံနိုင်ရည်ရှိမှုတွေအပေါ် ကျနော်တို့က လေးစားပြီး ဝမ်းသာအားရဖြစ်မိပါတယ်” လို့ မစ္စတာရှောင်တာနယ်ကို ဝန်ကြီးချုပ် အယ်လ်ဘန်နီးစ်က တိုက်ရိုက်ပြောဆိုခဲ့ပါတယ်။

ဩစတြေးလျရုပ်သံဌာန ABC နဲ့ အင်တာဗျူးမှာတော့ သူ ကြုံတွေ့ခံစားခဲ့ရတာတွေကို ပြန်လည်ပြောပြခဲ့တဲ့ မစ္စတာရှောင်တာနယ်ဟာ လွှတ်တော်မှာတော့ ဘာမှပြန်လည်ပြောကြားခဲ့ခြင်း မရှိဘူးလို့ ဆိုပါတယ်။ 

မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားရစဉ် စစ်ကြောရေးမှာ စစ်မေးခဲ့သူတယောက်က “ခင်ဗျားရဲ့ မိသားစုတွေကို ဘယ်တော့မှ ပြန်တွေ့ရတော့မှာ မဟုတ်ဘူး” လို့ သူ့ကို ပြောခဲ့ကြောင်းကိုလည်း မစ္စတာရှောင်တာနယ်က ပြန်လည်ပြောပြခဲ့ပါတယ်။

သူ့ကို ပထမဦးဆုံး ကွန်တိန်နာပုံးခွံလို ပြတင်းပေါက်မရှိတဲ့ ကွန်ကရစ်ခင်းအခန်းထဲမှာ ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီးနောက် အင်းစိန်ထောင်ကို ပြောင်းရွှေ့ခဲ့ကြောင်း၊ အဲဒီကနေ နေပြည်တော်က ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်းထားတဲ့ ထောင်ဝင်းထဲက အချုပ်ဆောင်တခုမှာ သူ့ကို ပြောင်းရွှေ့ထိန်းသိမ်းခဲ့ကြောင်းနဲ့ အပတ်စဉ် တရားရုံးမှာ ရင်ဆိုင်ဖို့ သွားရောက်ရန် စောင့်ဆိုင်းနေစဉ်အချိန်တွေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောခွင့်ရခဲ့ကြောင်း သူက ပြန်ပြောပြခဲ့ပါတယ်။ 

“ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တော့ သူ အရင်ဆုံးပြောတဲ့ စကားက ‘ရှောင်၊ ကျမတို့ရဲ့ ပြဿနာတွေထဲ ရှင့်ကို ဆွဲသွင်းမိခဲ့တဲ့အတွက် ရှင့်အတွက်ရော၊ ရှင့်ရဲ့ ဇနီးသည် ဟာ အတွက်ရော၊ ရှင့်ရဲ့အဖေနဲ့ ရှင့်မိသားစုတခုလုံးအတွက်ပါ စိတ်မကောင်းဖြစ်ရပါတယ်’ဆိုတာပဲ” လို့ မစ္စတာရှောင်တာနယ်က ပြောပါတယ်။ 

သူ နောက်ဆုံးနေခဲ့ရတဲ့ အင်းစိန်အကျဉ်းထောင်မှာ အချုပ်ခန်းထဲက အခြေအနေနဲ့ ပတ်သက်ပြီးလည်း “သံချေးတက်နေတဲ့ သံတိုင်တွေနဲ့ ကွန်ကရစ်အခန်းတွေ၊ လူတွေသာ ဝင်ထွက်မရတာ၊ အပြင်က မလိုတာတွေ အကုန်ဝင်တယ်။ မိုးရွာရင် မိုးရေဝင်တယ်၊ နေပူရင်လည်း အထဲမှာ ပူလိုက်တာ၊ အင်းဆက်ပိုးမွှားတွေ၊ ကြွက်တွေ၊ ကင်းမြီးကောက်ကြီးတွေ အကုန် အခန်းထဲ ဝင်တယ်”လို့ ရှောင်တာနယ်က ပြောပါတယ်။

ဒါပေမဲ့ အင်းစိန်ထောင်ထဲမှာ ကောင်းတဲ့အချက်က လူတွေနဲ့ တွေ့ရတာနဲ့ တခြား နိုင်ငံရေးအကျဉ်းသားတွေနဲ့ တွေ့ဆုံခွင့်ရတာဖြစ်တယ်လို့လည်း ပြောပါတယ်။

တော်တော်လေးကို ငယ်တဲ့ နိုင်ငံရေးအကျဉ်းသားတစ်ယောက်က အင်းစိန်ထောင်ထဲမှာ ‘ရှောင်၊ ခင်ဗျား ကျနော်တို့ဆီ ရောက်လာတာ အန္တရာယ်ကင်းပြီ’လို့ ပြောသွားတာကို သူ ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ဘူးလို့ မစ္စတာရှောင်တာနယ်က ပြောပါတယ်။ 

ဒါပေမဲ့ အဲဒီအချိန်က သူ့ရဲ့စိတ်ထဲမှာ “အေးပေါ့။ မင်းတို့ဆီ ရောက်လာတော့ ဟုတ်ပြီ။ ဒါပေမဲ့ ငါတို့အားလုံးက ထောင်ထဲမှာလေ” ဆိုတဲ့ အတွေးနဲ့ ပေါ်လာတဲ့ ခံစားချက်ကိုလည်း ပြန်သတိရမိတယ်လို့ မစ္စတာရှောင်တာနယ်က ရယ်ရယ်မောမောနဲ့ ပြောပြခဲ့ကြောင်း AP သတင်းမှာ ဖော်ပြထားပါတယ်။ 

Ref- AP

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024