DVB Logo
Home
မြန်မာသတင်း
၂၀၂၂ ခုနှစ် ကမ္ဘာ့အာဏာရှင် ၁၂ ဦး ဆန်ခါတင်စာရင်းတွင် မြန်မာစစ်ခေါင်းဆောင် ပါဝင်
DVB
·
December 2, 2022
၂၀၂၂ ခုနှစ် ကမ္ဘာ့အာဏာရှင် ၁၂ ဦး ဆန်ခါတင်စာရင်းတွင် မြန်မာစစ်ခေါင်းဆောင် ပါဝင်
Donate to DVB

၂၀၂၂ ခုနှစ်အတွက် ကမ္ဘာ့အာဏာရှင် ၁၂ ယောက် ဆန်ခါတင်စာရင်းမှာ အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်က တရုတ်၊ ရုရှားနဲ့ မြောက်ကိုရီးယား ခေါင်းဆောင်တွေနဲ့အတူ ပါဝင်နေပြီး ဒီအထဲက အဆိုးဝါးဆုံး အာဏာရှင်ကို မဲပေးရွေးချယ်နိုင်ပါတယ်။

ဒီကမ်ပိန်းကိုတော့ လန်ဒန်အခြေစိုက် Index on Censorship အဖွဲ့က တနှစ်တာအတွင်း လူ့အခွင့်အရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူတွေ၊ အနုပညာရှင်တွေနဲ့ သတင်းသမားတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေကို နှိမ်နင်းမှုတွေအပေါ် အာရုံစိုက်နိုင်ဖို့ ကမ္ဘာတဝန်းက အာဏာရှင်တွေကို စာရင်းပြုစုကာ မဲပေးနိုင်ဖို့ စတင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းကတော့ ထောင်သောင်းချီတဲ့ မဲဆန္ဒပေးမှုတွေနဲ့အတူ ၂၀၂၁ ခုနှစ် ကမ္ဘာ့အာဏာရှင်အဖြစ် တူရကီသမ္မတ ရီဆက်တေးယစ်အာဒိုဂန်ကို ရွေးချယ်နိုင်ခဲ့ပြီး သူ့နောက်မှာတော့ တရုတ်သမ္မတ ရှီကျင်းပင်နဲ့ ဆီးရီးယားသမ္မတ ဘာရှာ အယ်လ်အာဆတ်တို့ ရှိနေတာ ဖြစ်ပါတယ်။

အခုနှစ် ၂၀၂၂ ခုနှစ်အတွက် အာဏာရှင် ဆန်ခါတင် ၁၂ ယောက်စာရင်းမှာတော့ မြန်မာနိုင်ငံက အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က တရုတ်သမ္မတ ရှီကျင်းပင်၊ ရုရှားသမ္မတ ဗလာဒီမာ ပူတင်၊ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့နဲ့အတူ ပါဝင်နေပြီး အီဂျစ်၊ အီရန်၊ ဘယ်လာရုစ်၊ မက္ကဆီကို၊ နီကာရာဂွာ၊ ဆော်ဒီအာရေးဘီးယား၊ ကာတာ၊ ဂီနီယာ နိုင်ငံခေါင်းဆောင်တွေလည်း ပါဝင်နေတာပါ။

နယ်စည်းမခြား သတင်းသမားများအဖွဲ့ (RSF) က ထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံဟာ ၂၀၂၂ ခုနှစ် သတင်းမီဒီယာ လွတ်လပ်ခွင့် အညွှန်းကိန်းမှာ ကမ္ဘာ့နိုင်ငံပေါင်း ၁၈၀ ထဲ အဆင့် ၁၇၆ နေရာမှာ ရှိနေတယ်လို့ ဆိုပါတယ်။

မနှစ်ကတော့ မြန်မာနိုင်ငံက အဆင့် ၁၄၀ မှာ ရပ်တည်နေတာမို့ မြန်မာ့သတင်းမီဒီယာ လွတ်လပ်ခွင့်ဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဆယ်စုနှစ်တစုခန့် နောက်ပြန်ဆုတ်သွားတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ မြန်မာနိုင်ငံတွင်းက သတင်းမီဒီယာတွေ၊ သတင်းသမားတွေနဲ့ လူထုသတင်းသမားတွေအပေါ် အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုက မတရားဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်နေမှုတွေကို ဖိအားပေးအရေးယူဖို့ ထုတ်ပြန်ထားပါတယ်။

အခုလို ဖိနှိပ်ရန်ပြုမှုတွေ ရှိနေတဲ့ကြားက သတင်းလွတ်လပ်ခွင့်ကို တန်ဖိုးထားကြတဲ့ သတင်းမီဒီယာတွေ၊ သတင်းသမားတွေ၊ လူထုသတင်းသမားတွေနဲ့ သတင်းရင်းမြစ်တွေဟာ အခက်အခဲ၊ အတားအဆီး၊ အန္တရာယ်ပေါင်းများစွာကြားက လွတ်လပ်စွာ ရေးသား ထုတ်ဖော်ပြောဆိုခွင့်နဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်တို့ကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရေး ကြိုးစားဆောင်ရွက်နေတဲ့အတွက် အကြမ်းဖက်စစ်အုပ်စုအနေနဲ့ သတင်းမီဒီယာတိုက်ပွဲမှာ ကြီးစွာ ရှုံးနိမ့်မှုကို ရင်ဆိုင်နေရတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးချိန်ကတည်းက ခုချိန်ထိတိုင်အောင် သတင်းမီဒီယာသမားတွေ အပါအဝင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ၊ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်သူတွေ၊ အပြစ်မဲ့ အရပ်သားပြည်သူတွေပါမချန် မင်းမဲ့စရိုက်ဆန်ဆန် ပစ်ခတ်ဖမ်းဆီးသတ်ဖြတ်မှုတွေ ကျူးလွန်နေခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်း ၁ နှစ်ခွဲကျော်ကာလ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ကျဆုံးပြည်သူအယောက် ၂,၅၅၀ ကျော်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၆,၅၀၀ နီးပါးထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။

လတ်တလောမှာတော့ ၂၀၂၂ ခုနှစ် ကမ္ဘာ့အာဏာရှင်အဖြစ် ရွေးချယ်မှုကိုတော့ Index on Censorship ရဲ့ အင်တာနက်ဝက်ဘ်ဆိုက်စာမျက်နှာပေါ်ကတဆင့် မဲပေးနိုင်မှာဖြစ်ပြီး လာမယ့် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၆ ရက်မှာ ပိတ်သိမ်းမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013