
မကွေးတိုင်း မြိုင်နဲ့ ပေါက်မြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေး ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်က ၂ ယောက် သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့တယ်လို့ မြိုင် ပ.က.ဖ က သိရပါတယ်။
မြိုင်မြို့နယ် ကိုင်းတောမစာသင်ကျောင်းနားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ယောက်အနက် စျေးဝယ်ထွက်လာတဲ့ ၄ ယောက်ကို ဒီဇင်ဘာ ၁ ရက် မနက် ၇ နာရီလောက်က ဆေးရုံနားအရောက်မှာ စလစ်မိုင်းအကြီး ၂ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ ၂ ယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင် ပ.က.ဖ တပ်ရင်း-၁ တပ်ရင်းမှူး ဗိုလ်လက်ယာက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို GOBA ဗိုလ်မိုးကြိုးအဖွဲ့၊ ဂဠုန်တပ်ဖွဲ့တို့နဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်က အလောင်းတွေကို ဆွဲယူပြီး ဆုတ်ခွာသွားကြတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပေါက်မြို့နယ် ချောင်းကူရွာအရှေ့မြောက်ဘက်မှာ လျှပ်စစ်မီးလိုင်းလာဆက်တဲ့ စစ်ကောင်စီတပ်ကိုလည်း ဒီဇင်ဘာ ၁ ရက် မနက် ၈ နာရီလောက်မှာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ ဗိုလ်လက်ယာက ပြောပါတယ်။
ရဲဘော်တွေက မနက် ၅ နာရီလောက်ကတည်းက ကင်းပုန်းဝပ်ပြီး တိုက်မိုင်း ၃ လုံးနဲ့ မိုင်းခွဲ တိုက်ခိုက်ပြီးနောက် အပြန်အလှန် ထိတွေ့တိုက်ပွဲဖြစ်ပွားကာ ဒဏ်ရာရတဲ့ စစ်သား ၄ ယောက်လောက်ကို ကားပေါ်ဆွဲတင်သွားတာ တွေ့ရပြီး တိုက်ပွဲမှာတော့ ရဲဘော်တွေအနေနဲ့ ထိခိုက်ကျဆုံး မရှိခဲ့ဘူးလို့ ဗိုလ်လက်ယာက ဆိုပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းမထုတ်ပြန်ပါဘူး။