Home
မြန်မာသတင်း
လျှပ်စစ်မီးပြတ်တောက်မှု ၅ ရက်ခန့်ရှိပြီဖြစ်၍ ကလေးဒေသခံများ အခက်ကြုံ
DVB
·
December 2, 2022

စစ်ကိုင်းတိုင်း ကလေးမြို့မှာ  လျှပ်စစ်မီးအချိန်ကြာမြင့်စွာပြတ်‌ တောက်နေတာ၊ လျှပ်စစ်မီးကို နာရီပိုင်းနဲ့သာ ရရှိနေတာကြောင့် ကလေးမြို့ခံတွေဟာ ထမင်းဟင်းချက်ပြုတ်ရာမှာ လျှပ်စစ်မီး အစား ထင်း၊မီးသွေးကိုသာ အသုံးပြုနေကြရတယ်လို့ မြို့ခံတွေကပြောပါတယ်။

ကလေးမြို့ခံ အိမ်ရှင်မက "မီးက အမြဲလိုလို ပျက်တယ်။ အခုလည်း လုံးဝ မီးမလာတာ ၅ ရက် လောက်ရှိပြီ။ ပုံမှန်ဆို ညပိုင်းတော့ ကောင်းကောင်းရတယ်။ နေ့ခင်းဆို တရက်ကို ရပ်ကွက်အလိုက် အလှည့်ကျ ၃ နာရီ ပဲရတယ်။"လို့ ဆိုပါတယ်။

မြို့ပေါ်မှာ ထင်းရှားပြီး အသုံးနည်းကာ မီးသွေးကိုသာ အသုံးများတာကြောင့်  ရိုးရိုးမီးသွေး တအိတ်ကို အရင်ကျပ် ၄၀၀၀ မှ အခု ၈၅၀၀ ကျပ်အထိ၊ ကျို့သား(ရှယ်)မီးသွေး တအိတ်ကို အရင် ကျပ် ၆၀၀၀ ဝန်းကျင်ကနေ အခု ၁၂၀၀၀ လောက်အထိ မြင့်တက်နေတယ်လို့ သိရပါတယ်။

မီးသွေးဈေးမြင့်တက်ရတာဟာ ဝယ်ယူသုံးစွဲသူ များလာတာကြောင့် မဟုတ်ဘဲ မီးသွေးဖုတ်တဲ့ လုပ်ငန်းခွင်မှာ လုပ်သားစရိတ် မြင့်တက်တာတွေ၊ ဝေးလံခေါင်ဖြားတဲ့ တောတောင်တွေမှာ လုပ်ကိုင်ရတာတွေ၊ သယ်ယူစရိတ်(တန်ဆာခ) များပြားတာကြောင့် ဈေးမြှင့်ရောင်းရတာလို့ မီးသွေးလုပ်ငန်း ရောင်းဝယ်လုပ်ကိုင်တဲ့သူ တဦးက ပြောပါတယ်။

"သစ်တောတွေ ရှားလာတယ်။ မီးသွေး ဖုတ်ရတာကလည်း မလွယ်ဘူး။ သစ်ပင် ထိန်းရတယ်။ ဖြတ်ရတယ်။ မြေကျင်းတူးရတယ်။ လူလုပ်အား လိုအပ်တယ်။ ခေတ်ကာလက မကောင်းတော့ တောင်တောင်ထဲမှာ မီးသွေးဖုတ်ရတာလည်း မလွယ်ပါဘူး။"

လျှပ်စစ်မီးဟာ နိုဝင်ဘာ ၂၈ ရက်က စတင်ပြတ်တောက်နေတာဖြစ်ပြီး မကွေးတိုင်း၊ ပေါက်မြို့နယ်ဘက်မှာ ၂၃၀ ကေဗွီ ဓာတ်အားလိုင်းပြတ်တောက်နေတာကြောင့် ပြုပြင်တဲ့ လုပ်ငန်း တွေ စတင်နေပြီလို့ ကလေးမြို့လျှပ်စစ်ရုံးက တာဝန်ရှိသူ တဦးက သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ‌‌အသိပေးထားပါတယ်။

ဓာတ်အားလိုင်း ပြတ်တောက်နေတာကြောင့် စစ်ကိုင်းတိုင်းက ကလေးမြို့အပါအဝင် တမူး၊ ကလေးဝ၊ ရာဇဂြိုလ်၊ ခမ်းပါတ်မြို့‌‌တွေနဲ့ ချင်းပြည်နယ်က မြို့တွေပါ ပြတ်တောက်နေတာ ဖြစ်ပါတယ်။

ဓာတ်ပုံ-Crd(လူမှုကွန်ယက်)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024