
မြန်မာနိုင်ငံမှာ အာဏာသိမ်း ၁ နှစ်ခွဲကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၂,၅၅၃ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၆,၄၈၇ ယောက် ထိရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။
ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။
နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၃,၀၁၇ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁,၆၆၆ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။
တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူအရေတွက်ကတော့ အယောက် ၉၀ ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက်အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၃၂ ယောက် ရှိလာခဲ့ပြီဖြစ်ပါတယ်။
လတ်တလောအချိန်ထိ အာမခံနဲ့ လွတ်မြောက်သူ ၂၃ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၃,၄၄၇ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အေအေပီပီကနေ လက်လှမ်းမီသမျှ မှတ်တမ်း ပြုစုထားချက်အရ အာဏာသိမ်းချိန်ကနေ ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ထိ အကြမ်းဖက်စစ်အုပ်စုက မတရားချိပ်ပိတ်သိမ်းဆည်းခဲ့တဲ့ နေအိမ်၊ အဆောက်အဦ အရေအတွက် စုစုပေါင်း ၉၀၀ ခုထက်မနည်း ရှိခဲ့ တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်က အင်းစိန်အကျဉ်းထောင်တွင်း စစ်ခုံရုံးကနေ ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ယောက်နဲ့ တက်ကြွလှုပ်ရှားသူ လူငယ် ၄ ယောက်တို့ကို သေဒဏ် ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ အေအေပီပီအနေနဲ့ လူငယ် ၄ ယောက်ရဲ့ သေဒဏ်ချမှတ်မှုကို အတည်ပြုနိုင်ခဲ့ပြီး တက္ကသိုလ်ကျောင်းသား ၇ ယောက် သေဒဏ်ချမှတ်ခံရတာနဲ့ ပက်သက်ပြီးတော့ အတည်ပြုနိုင်ဖို့ ဆက်လက် စုံစမ်းနေတယ်လို့ ဆိုပါ တယ်။
ဒါ့အပြင် နိုဝင်ဘာ ၃၀ တရက်တည်းမှာပဲ သတင်းထောက် ကိုမျိုးစံစိုးကို ဖျာပုံအကျဉ်းထောင်တွင်း အထူးတရားရုံးကနေ ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ ကိုမျိုးစံစိုးကို အကြမ်းဖက်မှု တိုက် ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည)နဲ့ ထောင်ဒဏ် ၁၀ နှစ်၊ ၅၂ (က)နဲ့ ထောင်ဒဏ် ၅ နှစ် ကျခံစေဖို့ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂၉ ရက်က ဖျာပုံမြို့နယ်အတွင်း ပရဟိတ လုပ်ငန်းတွေ ဆောင်ရွက်နေချိန်မှာ ရဲတွေက လာရောက်ခေါ်ဆောင်ရာကနေ သူ့ရဲ့ ဖုန်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ဆက်သွယ်တာကို တွေ့ရှိတယ်ဆိုကာ ဖမ်းဆီးခံခဲ့ရတာလို့ သိရပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။
ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။