DVB Logo
Home
မြန်မာသတင်း
ဘုရားသုံးဆူရှိ သတ္တုခဲမိုင်းကို စစ်ကောင်စီတပ်က လေကြောင်းမှထပ်မံ ဗုံးကြဲ
DVB
·
December 2, 2022
ဘုရားသုံးဆူရှိ သတ္တုခဲမိုင်းကို စစ်ကောင်စီတပ်က လေကြောင်းမှထပ်မံ ဗုံးကြဲ
Donate to DVB

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ်၊ မက္ကသာ သတ္တုခဲမိုင်း အမှတ် ၆ နေရာကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၁ ရက် ဒီမနက် ၁ နာရီ ၄၀ မိနစ်က လေ​ယာဥ်နဲ့ လာရောက်ဗုံးကြဲခဲ့တယ်လို့ ဒေသခံ PDF သတင်းရင်းမြစ်တွေက ပြောပါတယ်။

မှော်ဘီလေတပ်က တက်လာတဲ့ တိုက်လေယာဉ်နဲ့  ထပ်မံဗုံးကြဲခဲ့ပြီး လူထိခိုက်သေဆုံးတာတွေ မရှိပေမဲ့ အဆောက်အဦတချို့တော့ ပျက်စီးသွားခဲ့တယ်လို့ ဒေသခံ PDF က ပြောပါတယ်။

နိုဝင်ဘာ ၂၉ ရက်ကလည်း  ကြာအင်းဆိပ်ကြီးနဲ့ ဘုရားသုံးဆူနဲ့ကြားက ခဲမိုင်းတွေကို လေယာဉ်နဲ့ ဗုံးကြဲသွားခဲ့ကြောင်း  အနီးပတ်ဝန်းကျင်မှာ သွားလာနေတဲ့  ဦးဖိုးထောင်က ပြောပါတယ်။ 

“ကြာအင်းဆိပ်ကြီးနဲ့ ဘုရားသုံးဆူကြားမှာရှိတဲ့ တရုတ်တွေလုပ်နေတဲ့ ခဲမိုင်းတွေကို ဒီတရုတ်တွေက ကေအန်ယူက အခွန်ပေးပြီးတော့ လုပ်နေတာ။ ဒါပေမဲ့အခုဖြစ်နေတာက မဲမဲမြင်သမျှအကုန်ဗုံးနဲ့ ကြဲမယ်ဆိုပြီး ဖြစ်နေတာ။ ညတိုင်းကို ဖြစ်နေတယ်။ မနေ့ညက ( နိုဝင်ဘာ ၂၉) ဆိုရင် ၁၁ နာရီခွဲလောက်မှာ ၁၂ ခါလောက်လာကြဲသွားတယ်။ တရုတ်တွေက မနေရဲတော့ အကုန် ဘုရားသုံးဆူဘက်ပြေးပြီး‌တော့ ဒီတရုတ်တွေက ထိုင်းမှာ ဗီဇာမရှိဘူး။ မရှိတော့ သူတို့က မော်လမြိုင်ဆင်းရင်လည်း ကြာအင်းဆိပ်ကြီးမှာ ရစ်တာပေါ့ဗျာ။ တယောက်ကို ၅ သိန်းပေး ၁၀ သိန်းပေးရစ်တာ အဲလိုမျိုးတွေတော့ရှိတယ်။ မော်လမြိုင်လည်းရစ်ခံရသေးတယ်။ မော်လမြိုင်ပြီးမှ ရန်ကုန်၊ ရန်ကုန်ပြီးမှ တရုတ်ပြည်မကို ပြန်ရမှာကိုး။ အဲဒီမှာမှ ဒီတရုတ်တွေက အညာဘက်ကလူကို သူတို့ခေါ်လာပြီး အလုပ်သမားအဖြစ်ထားထားတယ်။ အဲဒီလူတွေက အဓိက ခံရတယ်။” 

နိုဝင်ဘာ ၂၁ ရက် ည ၁၂ နာရီတုန်းကလည်း  စစ်ကောင်စီတပ်က ကေအန်ယူ- ဒူးပလာယာခရိုင် သတ္တုတွင်းဖြစ်တဲ့ အမှတ် ၁ မိုင်းတွင်းနဲ့ အမှတ် ၂ မိုင်းတွင်းကို ဂျက်တိုက်လေယာဉ်နဲ့ လာရောက်ပစ်ခတ်လို့ အဆောက်အဦတချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒူးပလာယာခရိုင်က ထုတ်ပြန်ထားပါတယ်။

ဘုရားသုံးဆူနယ်စပ်မြို့နဲ့ ၁၈ မိုင်အကွာမှာရှိတဲ့ သပြုခဲ သတ္တုမိုင်း အမှတ် ၆ လုပ်ကွက်စခန်းကို ဂျက်တိုက်လေယာဉ်က  ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့ရာ မိုင်းစခန်းတခုလုံး ပေါက်ကွဲသွားပြီး တရုတ်နိုင်ငံသား ၃ ယောက် ပွဲချင်းပြီးသေဆုံးကာ လူ ၈ ဦး စိုးရိမ်ဒဏ်ရာ အပြင်းအထန် ရရှိသွားပါတယ်။

လက်ရှိအချိန်မှာ ကေအန်ယူ ထိန်းချုပ်နယ်မြေတွေမှာရှိတဲ့ သတ္တုတွင်းရှိသမျှကို စစ်ကောင်စီက နေ့တိုင်း ဗုံးကြဲတိုက်ခိုက်နေပြီး အဲဒီမိုင်းတွင်းတွေမှာ သွားရောက်လုပ်လုပ်ကြတဲ့ တရုတ်နိုင်ငံသားတွေ၊ ဒေသခံနဲ့ တခြားနယ်တွေက ပြည်သူတွေလည်း ထွက်ပြေးတိမ်းရှောင်နေ ရတဲ့အခြေအနေရှိတယ်လို့ အဲဒီနယ်မြေတွေမှာ လှုပ်ရှားနေတဲ့ ဦးဖိုးထောင်က ပြောပါတယ်။

“အဲဒီ ကြာအင်းဆိပ်ကြီးနဲ့ ဘုရားသုံးဆူကြားထဲမှာ စစ်ရေးတင်းမာမှုက မြင့်လာတယ်လို့ ပြောလို့ရတယ်ခင်ဗျာ။ လက်ရှိကတော့ ခလယ်တံခွန်တိုင်ကနေပြီးတော့ ဗမာစစ်ကြောင်းက မွန်ပြည်သစ်ပါတီပိုင်တဲ့နယ်မြေကနေ ပတ်ပြီးတော့ ကေအန်ယူ တပ်မဟာ ၆ နောက်ကျောကနေပြီးတော့ ပတ်တာပေါ့ဗျာ။ ဟိုဘက်က မြဝတီ-ဝေါလေဘက်က တိုက်လို့မရတာ့ ဒီဘက်အနောက်ကြောဘက်က တိုက်မယ်ဆိုပြီးတော့ အဲဒီမှာ လေယာဉ်နဲ့ ညတိုင်းကို ဗုံးကြဲတယ်။ အရင်တုန်းကတော့ ကေအန်ယူပိုင်တဲ့၊ ကေအန်ယူ ထိန်းချုပ်တဲ့နယ်မြေတွေမှာ စစ်အစိုးရနဲ့ သဘောတူထားတဲ့ ခဲမိုင်းတွေအကုန်လုံးက သူတို့က ဗုံးကြဲနေတာ။ အခုလက်ရှိက ညတိုင်းပဲ။ တပ်မဟာအကုန်လုံးပဲ၊ ကေအန်ယူက သူ့ရဲ့ စီးပွားရေးလုပ်ငန်းရှိတဲ့ ခဲမိုင်းတွေ အကုန်လုံးပဲ ညတိုင်းကို လေယာဉ်နဲ့ အသကုန်ဗုံးကြဲတယ်။” 

ဒီလိုဗုံးကြဲလို့ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့အတွက် ထိခိုက်သေဆုံးမှုတွေ ရှိနေပြီး  အရေအတွက်ကိုတော့ အတိအကျ စုံစမ်းလို့ မရသေးပါဘူး။ 

စစ်ကောင်စီတပ်တွေဟာ ကေအန်ယူ တပ်မဟာ ၆ နယ်မြေအတွင်းကို မြေပြင်မှာ စစ်ရေးအသာစီး မရလို့ လေကြောင်းကနေ ပိုမိုတိုက်ခိုက်လာနေတာ ဖြစ်ပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်ဘက်က မွန်-ကရင် နယ်စပ် ကရင်ရွာတွေဘက်ကို စစ်အင်အားတွေ တိုးမြှင့်လှုပ်ရှားနေသလို ဒေသခံရွာသားတွေကိုလည်း လမ်းပြအဖြစ် အဓမ္မ ခေါ်ဆောင်တာတွေ ရှိနေတာကြောင့် စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းအဖွဲ့တွေ တိုက်ပွဲတွေ ထပ်မံပြင်းထန်လာမှာကို  ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013