
စစ်ကိုင်းတိုင်း၊ မုံရွာနဲ့ ဆားလင်းကြီးမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ၂ ရက်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်လို့ အကြမ်းဖက်စစ်ကောင်စီတပ်သား ၂၀ လောက် သေဆုံးခဲ့တယ်လို့ Aung San Force - A.S.F က နိုဝင်ဘာ ၃၀ ရက် ညမှာ ထုတ်ပြန်ပါတယ်။
လေယာဉ်ဆီတွေတင်ပြီး ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ မော်တော်တွေကို နိုဝင်ဘာ ၂၈ ရက် မနက် ၁၀ နာရီလောက်က Aung San Force - A.S.F မုံရွာခရိုင် အမှတ်-၅ တပ်ရင်း၊ SRA၊ SGF၊ Spring Dove Force၊ မုံရွာခရိုင် သံမဏိတပ်ရင်းနဲ့ မဟာမိတ် တပ်ဖွဲ့တွေက ရှေ့ထွက်မိုင်းတွေနဲ့ ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။
ညနေ ၃ နာရီလောက်မှာတော့ မုံရွာဘက်ကနေ စစ်ကူအဖြစ် စုန်ဆင်းလာတဲ့ စစ်ကောင်စီတပ်သားတွေပါလာတဲ့ မော်တော်တွေကို ရှေ့ထွက်မိုင်းတွေဆွဲပြီး လက်နက်ငယ်တွေနဲ့ ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့လို့ မော်တော်တွေပေါ်မှာပါလာတဲ့ စစ်သားတချို့ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
နိုဝင်ဘာ ၂၉ ရက် နေ့လယ်ပိုင်းမှာလည်း ချင်းတွင်းမြစ်အောက်ဘက်ကနေ အထက်ကို ဆန်တက်လာတဲ့ စစ်ကောင်စီတပ်သားတွေပါတဲ့ မော်တော်တွေကို Aung San Force မုံရွာခရိုင် အမှတ်-၅ တပ်ရင်း၊ SRA၊ SGF နဲ့ မဟာမိတ်တပ်ဖွဲ့တွေက ရှေ့ထွက်မိုင်းတွေ၊ လက်နက်ငယ်တွေနဲ့ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေကတော့ အထိအခိုက်မရှိဘဲ ပြန်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲကာလမှာ စစ်ကောင်စီတပ်သားတွေရဲ့ အသေအပျောက်ကို မသိခဲ့ရဘဲ အနောက်မြောက်ပိုင်း စစ်ဌာနချုပ်ဆီကို စစ်ကြောင်းတွေပြန်ရောက်မှ မြစ်ထဲမှာ သေဆုံးတဲ့ အရေအတွက်ကို စုံစမ်းသိရတာလို့ အဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။