
မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ နိုဝင်ဘာ ၃၀ ရက် ညနေပိုင်းက လျှပ်စစ်မီးကြိုးဆက်ဖို့လာတဲ့ စစ်ကောင်စီတပ်သားတွေကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ ၅ ယောက်သေဆုံးပြီး ၁ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင် ပ.က.ဖ ကနေ သိရပါတယ်။
မြိုင် ပ.က.ဖ တပ်ရင်း-၁ တပ်ရင်းမှူး ဗိုလ်လက်ယာက “ပေါက်မြို့နယ်၊ ချောင်းကူရွာရဲ့ အရှေ့ဘက် ၆ ဖာလုံလောက်အကွာမှာ နိုဝင်ဘာ ၃၀ ရက် ညနေ ၄ နာရီလောက်က မဟာဓာတ်အားလိုင်း မီးကြိုးကို ဖောကား ၃ စီးနဲ့ ပြန်ဆက်ဖို့လာတဲ့ ကျော က.ပ.စ က စစ်(...)တွေကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ စစ်(...) ၃ ယောက်နဲ့ ပျူ(...) ၂ ယောက် သေဆုံးကာ စစ်(...)တယောက် ဒဏ်ရာရရှိခဲ့တယ်” လို့ ပြောပါတယ်။
အဲဒီ မဟာဓာတ်အားလိုင်းက မီးကြိုးတွေကို နိုဝင်ဘာ ၂၆ ရက် မနက် ၁၁ နာရီကျော်လောက်မှာ မိုင်းခွဲဖျက်ဆီးခဲ့တာဖြစ်ပြီး က.ပ.စ ၂၄ နဲ့ ကျော က.ပ.စ စက်ရုံတွေ ရပ်နားထားရတယ်လို့ ဆိုပါတယ်။
ဗိုလ်လက်ယာက “လျှပ်စစ်မီးလိုင်းကတော့ အခုအထိ သူတို့ ပြန်မဆက်နိုင်သေဘူးဗျ။ သူတို့စစ်(...)၊ ပျူ(...)တွေကို မြွေပွေးပြောက်ကျားတပ်ဖွဲ့၊ ကျေးရွာကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ ပူးပေါင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး မနေ့က ညနေပိုင်းမှာ အချိန် ၁ နာရီကျော်ကြာအောင် တိုက်ပွဲဖြစ်ပွားခဲ့သလို ဒီကနေ့ ဒီဇင်ဘာလ ၁ ရက်နေ့ မနက်ပိုင်းမှာလည်း ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတယ်” လို့ ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။
ပေါက်မြို့နယ်မှာ နိုဝင်ဘာ ၂၈ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်သားတွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၂ ယောက် သေဆုံးကာ ၈ ယောက် ဒဏ်ရာရရှိပြီး ကျေးရွာ ၃ ရွာက နေအိမ် ၉၀ ကျော်ကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။