DVB Logo
Home
မြန်မာသတင်း
မော်လမြိုင်-ရန်ကုန် ပြည်တွင်းလေကြောင်းလိုင်း ပြေးဆွဲမည်
DVB
·
December 1, 2022
မော်လမြိုင်-ရန်ကုန် ပြည်တွင်းလေကြောင်းလိုင်း ပြေးဆွဲမည်
Donate to DVB

မော်လမြိုင်-ရန်ကုန် ပြည်တွင်းလေကြောင်းခရီးစဥ်ကို လာမယ့် ဒီဇင်ဘာ ၅ ရက်ကစပြီး တပတ်ကို နှစ်ကြိမ်နှုန်း ပြေးဆွဲပေးမှာဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေးနဲ့ နီးစပ်တဲ့သူတွေက ပြောပါတယ်။

အခု ရန်ကုန်-မော်လမြိုင်လမ်း ပဲခူးမြို့အဝင် ညောင်ခါးရှည်ဂိတ်မှာ ခရီးသွား မိဘပြည်သူတွေ နေ့စဉ် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရပြီး အရေးကြီး ကျန်းမာရေးကိစ္စတွေမှာ လူနာသေဆုံးမှုတွေ ရှိခဲ့တာကြောင့် ကားလမ်းခရီးသွားလာမှုမှာ အဆင်မပြေတဲ့အတွက် အခုလို  ရန်ကုန်-မော်လမြိုင်​ ပြည်တွင်းလေကြောင်းခရီးစဥ်ကို ပြန်လည်ပြေးဆွဲရတာ ဖြစ်ပါတယ်။

“ရန်ကုန်-မော်လမြိုင်ကားလမ်းက ညောင်ခါးရှည်ဂိတ်မှာ စစ်ကောင်စီက X- Ray စက်နဲ့ စစ်ဆေးတာမှာ ခရီးသွားကြန့်ကြာပြီး ကုန်စည်စီးဆင်းမှု များစွာထိခိုက်ကြပါတယ်။ ခရီးလည်းမတွင်ကျယ်ဘူး။ ခရီးသွားတွေလည်း အချိန်ကုန် လူပင်ပန်း အရေးပေါ်ကားတွေလည်း သွားမရလာမရ ဖြစ်တော့ ဒီအတိုင်းဆို ရေရှည်မှာ မဖြစ်ဘူး” လို့ ခရီးသွားတွေက ပြောပါတယ်။

စစ်ကောင်စီဟာ လုံခြုံရေးအကြောင်းပြချက်နဲ့ မော်လမြိုင်-ရန်ကုန် အဝေးပြေးကားလမ်းမပေါ်မှာ X-Ray စက်တပ်ဆင်ပြီး ယာဉ်လိုင်းအားလုံးကို အချိန်ကြာမြင့်စွာ တန်းစီ စစ်ဆေးမှုတွေ လုပ်ဆောင်နေတာပါ။

X-Ray စက်မှာ နေ့စဉ် ကားအစီးရေ ရာနဲ့ချီ ပိတ်ဆို့နေပြီး အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရတဲ့အခါ ညအချိန်ရောက်တော့ ခရီးသည်တွေအနေနဲ့ နီးစပ်ရာနေရာတွေနဲ့ လမ်းတွေပေါ်မှာ ညအိပ်ရပ်နားရပါတယ်။

အဆိုပါကားလမ်းဟာ  မွန်၊ ကရင်နဲ့ တနင်္သာရီ ဒေသတွင်းက ခရီးသည်တွေနဲ့ ကုန်စည် ပို့ဆောင်ရာမှာ အဓိကအသုံးပြုတဲ့ ကားလမ်းလည်းဖြစ်ပါတယ်။

ရန်ကုန်-မော်လမြိုင် ခရီးစဉ်ကို ကားလမ်းအစား မီးရထားနဲ့ အားကိုး သွားလာနေကြရတဲ့ သူတွေလည်း ရှိလာနေသလို အခုအခါ ခရီးသွားမိဘပြည်သူတွေ သွားလာရအဆင်ပြေစေဖို့ လေကြောင်းခရီးစဉ်အသစ်ကို တပတ် နှစ်ကြိမ် ပြေးဆွဲပေးမှာဖြစ်ကြောင်း လေကြောင်းအာဏာပိုင်တွေနဲ့ နီးစပ်တဲ့သူတွေက ပြောပါတယ်။

လေကြောင်းခရီးစဉ်လက်မှတ်တွေကို လေကြောင်းပို့ဆောင်ရေးရုံးမှာ စုံစမ်းမေးမြန်းနိုင်တယ်လို့ အသိပေးထားပါတယ်။

မြန်မာအမျိုးသားလေကြောင်းလိုင်း  မော်လမြိုင်ဌာနခွဲမှ ဒီဇင်ဘာ ၅ ရက်ကစပြီး မော်လမြိုင်-ရန်ကုန်၊ မော်လမြိုင်-ကော့သောင်း ခရီးစဉ်တွေကို အပတ်စဉ် တနင်္လာနဲ့ သောကြာနေ့တွေမှာ တပတ်နှစ်ရက် ပြန်လည်ပြေးဆွဲသွားမှာဖြစ်ပြီး လေယာဉ်လက်မှတ်တွေကို ကြိုတင်ဝယ်ယူနိုင်ပြီလို့ အသိပေးထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013