DVB Logo
Home
မြန်မာသတင်း
မောင်တော နယ်ခြားစောင့်စခန်းကို စစ်တပ်အင်အား ၂၀၀ ကျော်တိုးချ၊ တိုက်ပွဲပြန်ဖြစ်မည်ကို ဒေသခံများစိုးရိမ်
DVB
·
December 1, 2022
မောင်တော နယ်ခြားစောင့်စခန်းကို စစ်တပ်အင်အား ၂၀၀ ကျော်တိုးချ၊ တိုက်ပွဲပြန်ဖြစ်မည်ကို ဒေသခံများစိုးရိမ်
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း၊ မင်းကြီးကျေးရွာ ဝက်ကျိန်းဘုရားသွားလမ်းမှာ တည်ရှိတဲ့ နယ်ခြားစောင့်စခန်းဟောင်းကို ဒီဇင်ဘာ ၁ ရက် ဒီနေ့မနက်က စစ်​ကောင်စီတပ် အင်အား ၂၀၀ လောက် နေရာယူလာတဲ့အတွက် တိုက်ပွဲတွေ ပြန်ဖြစ်လာမှာကို စိုးရိမ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မင်းကြီးကျေးရွာ ဒေသခံတဦးက “ဒီနေ့မနက် ၇ နာရီလောက်မှာ ဝက်ကျိန်းဘုရားသွား လမ်းက နယ်ခြားစောင့်စခန်းဟောင်းနေရာကို စစ်တပ်အင်အား ၂၀၀ လောက် တက်သွားကြတယ်။ နှစ်ဖက် ထိတွေ့တိုက်ပွဲ ပြန်ဖြစ်မလားဆိုပြီး ရွာသူ ရွာသားတွေ စိုးရိမ်နေကြတာပါ” လို့ ပြောပါတယ်။

မင်းကြီးကျေးရွာ ဝက်ကျိန်းဘုရားသွားလမ်းမှာ တည်ရှိတဲ့ နယ်ခြားစောင့်စခန်းဟာ စစ်တပ်နဲ့ အေအေတို့ တိုက်ပွဲတွေကြောင့် စခန်း‌နောက်ဆုတ်သွားပြီး လစ်လပ်နေတဲ့ တပ်စခန်းတခု ဖြစ်ပါတယ်။

မောင်တောမြို့နယ်မှ စစ်ရေးလေ့လာသူတဦးက “အေအေ တိုက်ယူထားတဲ့ နယ်ခြားစခန်းတချို့မှာ စစ်ကောင်စီတပ်တွေ ပြန်လည်နေရာချနေကြတာတွေရှိတယ်။ အများစုမှာတော့ ပြန်မချနိုင်ကြသေးဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီ ပြန်လည်နေရာချထားတဲ့ စခန်းတွေမှာ လိမ်ရ၊ ရန်အောင်ပြင်၊ ဝက်ကျိန်း၊ မင်းကြီးရွာ၊ ဂုပ္ပိမေယုတောင်ကျော်လမ်း ကာကင်းစခန်း၊ မီးတိုင်စခန်းတွေဖြစ်ပြီး နံသာတောင်၊ ကွမ်းသီးပင် စတဲ့စခန်းတွေနဲ့ BP ၄၀ မှ ၅၃ အထိ စခန်းတွေမှာ ပြန်လည်နေရာချထားတာ မပြုနိုင်သေးကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ပြည်သူလူထုတွေရဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ အကျပ်အတည်းတွေကို ရှေးရှုပြီး ဂျပန်အစိုးရရဲ့ အထူးကိုယ်စားလှယ် နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါရဲ့ ကြားဝင်ညှိနှိုင်းမှုကြောင့် နိုဝင်ဘာလ ၂၆ ရက်နေ့မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ အပစ်အခတ် ရပ်စဲထားကြပါတယ်။ 

ဒါပေမဲ့လည်း နှစ်ဖက် တပ်အသီးသီးဟာ လက်ရှိ ရှိနေတဲ့ နေရာတွေမှာသာ ရှိနေကြပြီး စစ်ကောင်စီဘက်က အင်အားတိုးချ ထိုးစစ်ဆင်လာပါက အချိန်မရွေး တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်တယ်လို့ အေအေ ပြောခွင့်ရ ခိုင်သုခက​ နိုဝင်ဘာ ၂၈ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013