သေဒဏ်ချမှတ်ခံရတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ယောက်ကို လာမယ့် ဒီဇင်ဘာ ၇ ရက်နေ့ အင်းစိန်အကျဉ်းထောင်တွင်း ကြိုးပေးကွပ်မျက်မှာဖြစ်ပြီး ထောင်အစီအစဉ်နဲ့ သင်္ဂြိုဟ်မယ်လို့ အင်းစိန်ထောင်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေကနေ သိရပါတယ်။
ကြိုးပေးစီရင်မှုကို ဒီဇင်ဘာ ၇ ရက်၊ ညနေ ၄ နာရီ ၄၄ မိနစ်မှာ စစ်ကောင်စီတပ်က ဒုမှူးကြီးဝေလင်းဖြိုး(စတသ-၄၅)က ဦးဆောင်သွားမယ်လို့ ဆိုပါတယ်။
အဆိုပါသတင်းတွေထွက်ပေါ်မှုနဲ့ပတ်သက်ပြီး ဖက်ဆစ်ဆန့်ကျင်ရေး လက်ရုံးတပ်ဖွဲ့ တာဝန်ခံ ကော်ပီက “ဟုတ်တယ်။ ကျနော်နဲ့ အလုပ်တွဲလုပ်နေတဲ့မိတ်ဆွေ တစ်ယောက်ဆီက အခုပဲ သိရတာ၊ တကယ်သာဆို ကူညီကြပါဦးဗျာ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ဧပြီလက တောင်ဒဂုံမြို့နယ်မှာဖြစ်ပွားခဲ့တဲ့ ကမ္ဘာ့ရတနာဘဏ်ခွဲ ဓားပြတိုက်မှုမှာ ဘဏ်တာဝန်ခံမန်နေဂျာ ဒုဗိုလ်မှူးဟောင်း စောမိုးဝင်း သေနတ်နဲ့ပစ်သတ်ခံရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်လို့ ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ယောက်ကို နိုဝင်ဘာ ၃၀ ရက်မှာ အင်းစိန်ထောင်အတွင်းစစ်ခုံရုံးကနေ သေဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
အခုလိုနိုဝင်ဘာ ၃၀ ရက် အမိန့်ချပြီး တစ်ရက်အကြာ ဒီဇင်ဘာ ၁ ရက်နေ့မှာ အခုလို ကွပ်မျက်မယ့်သတင်း ထွက်ပေါ်လာတာဖြစ်ပါတယ်။
ထောင်နဲ့ နီးစပ်တဲ့ ရှေ့နေတယောက်ကတော့ “အမိန့်ချပြီး တစ်ပတ်အတွင်း ကြိုးပေးမယ်ဆိုတာက မဖြစ်နိုင်ပါဘူး။ ရှေ့မှာလည်း ကြိုးပေးခံရထားတဲ့ နံပါတ်အစဥ်လိုက်တောင် မကုန်သေးဘူး” လို့ သုံးသပ်ပြောပါတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဇူလိုင်လကလည်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီနဲ့ NLD လွှတ်တော်အမတ် ကိုဖြိုးဇေယျာသော် အပါအဝင် နိုင်ငံရေးလှုပ်ရှားသူ လေးယောက်ကို ကြိုးပေးကွပ်မျက်ခဲ့ပါတယ်။