DVB Logo
Home
မြန်မာသတင်း
လေယာဉ်ပစ်လက်နက် အကူအညီရပါက ၆ လ အတွင်း တော်လှန်ရေး အောင်နိုင်ဟု NUG ယာယီသမ္မတပြော
DVB
·
December 1, 2022
လေယာဉ်ပစ်လက်နက် အကူအညီရပါက ၆ လ အတွင်း တော်လှန်ရေး အောင်နိုင်ဟု NUG ယာယီသမ္မတပြော
Donate to DVB

နိုင်ငံတကာဆီက လေယာဉ်ပစ်လက်နက်တွေသာ အကူအညီရမယ်ဆိုရင် ၆ လ အတွင်း တော်လှန်ရေး အောင်နိုင်တယ်လို့  အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက  ပြောကြားလိုက်ပါတယ်။

ယူကေနိုင်ငံ လန်ဒန်မြို့အခြေစိုက် ရိုက်တာသတင်းဌာနက စီစဉ်တဲ့  အနာဂတ်ခေါင်းဆောင်မှု ထိပ်သီးဆွေးနွေးပွဲ  REUTERS Next Leadership Summit နဲ့  Global Broadcast ထုတ်လွှင့်မှု အစီအစဉ်မှာ ယာယီသမ္မတဒူဝါလရှီးလက မြန်မာ့ဒီမိုကရေစီအရေးနဲ့ အမျိုးသားတန်း တူအခွင့်အရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုတွေနဲ့ ပတ်သက်လို့ ပါဝင်ပြောကြားခဲ့တာပါ။

စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကို ခံနေရတဲ့ပြည်သူတွေအတွက် နိုင်ငံတကာက အမြန်ဆုံးကူညီပေးဖို့လည်း သူက မေတ္တာရပ်ခံပါတယ်။ 

ယာယီသမ္မတ ဒူဝါလရှီးလက "အထူးသဖြင့် ရုရှားလေယာဉ်တွေနဲ့ပြည်သူလူထုတွေကို တိုက်ခိုက်နေတာ ရွာတွေကိုလိုက်ပြီးမီးရှို့နေတာ ဒါတွေကိုကာကွယ်ဖို့ လေယာဉ်ပစ်ချတဲ့ လက်နက်များသာရှိရင်တော့ ကျနော်ထင်တာ ၆ လလောက်နဲ့ကို ကျနော်တို့ နိုင်သွားပါပြီ။ သူတို့ကိုယ်တိုင်က ဆွေးနွေးတဲ့စကားဝိုင်းကို ရောက်လာချင်မှာပါ။ အာဆီယံရဲ့အဆိုပြုချက်တွေ လက်ခံလာမှာပါ။ US နဲ့ EU ၊ ကမ္ဘာ့နိုင်ငံတွေရဲ့တောင်းဆိုချက်တွေကိုလည်း သူလိုက်နာလာမှာပါ။ ဒါမှမဟုတ်ရင်သူလိုက်နာမှာမဟုတ်ဘူး။ ဒါကြောင့်မို့ ဒါကိုအပြင်းအထန်လုပ်ရမယ်လို့ ကျနော်ထင်ပါတယ်။"  

တော်လှန်ရေးကာလအတွင်း စစ်သား ၂၅၀၀၀ ဝန်းကျင်ကိုသုတ်သင်နိုင်ခဲ့က ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က တပ်သား ၂၀၀၀ ကျော်နိုင်ငံအတွက် အသက်ပေးလှူခဲ့ရတယ်လို့လည်း ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

"ကျနော်တို့ PDF တွေဘက်က ကျဆုံးမှုတွေ ရှိသင့်သလောက်ရှိပါတယ်။ စစ်ကောင်စီဘက်က အခုအချိန်မှာ အကျအဆုံးများစွာဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ ထုတ်ပြန်ပြီးဖြစ်ပါတယ်။ အားလုံး နှစ်သောင်းခွဲလောက် သူတို့ဘက်က ကျဆုံးပြီးဖြစ်ပါတယ်။ လက်နက်ခဲယမ်းတွေလည်း တော်တော်များများရရှိပြီးဖြစ်ပါတယ်။ ကျနော်တို့ PDF တွေဘက်ကလည်း လူနှစ်ထောင်ကျော်လောက် နိုင်ငံအတွက် အသက်ပေးဆပ်ခဲ့ပြီးဖြစ်ပါတယ်။ ဒါတွေက အရင်းအနှီးအနေနဲ့ ကျနော်တို့ခံယူထားပါတယ်။ စိတ်မလျော့ပါဘူး။ ဆက်ပြီးတော့ တိုင်းပြည်အတွက် တာဝန်ထမ်းဆောင်ရေးမှာ သူတို့စိတ်အားထက်သန်လျှက်ရှိတယ်ဆိုတာ ပြောကြားလိုပါတယ်။"  

အရှေ့တောင်အာရှဒေသတွင်းမှာ မြန်မာနိုင်ငံရဲ့ဆိုးရွားတဲ့အခြေအနေဟာ ကြီးမားတဲ့သက်ရောက်မှုတွေဖြစ်နေတဲ့အတွက် ခုလိုပါဝင်ဆွေးနွေးခွင့်ရခဲ့တာဖြစ်ပြီး ဒီလိုအခွင့်အရေးရချိန်မှာ နိုင်ငံတကာက မြန်မာပြည်သူတွေအတွက် လေယာဉ်ပစ်လက်နက်တွေ ထောက်ပံ့ပေးဖို့ မေတ္တာရပ်ခံတောင်းဆိုလိုက်ပါတယ်။

အာဆီယံတောင်းဆိုချက်တွေအတိုင်း စစ်ကောင်စီအနေနဲ့ ပြည်သူလူထုကို သတ်ဖြတ်နေတာချက်ချင်းရပ်စဲဖို့၊ နိုင်ငံရေးကလုံးဝထွက်ပေးဖို့၊ နိုင်ငံတကာကကူညီတဲ့လူ သားချင်းစာနာမှုဆိုင်ရာအကူအညီတွေကို အနှောင့်အယှက်မရှိလက်ခံဖို့၊ ၂၀၀၈ ဖွဲ့စည်းပုံကို လုံးဝဖျက်သိမ်းဖို့၊ နိုင်ငံတကာဆီမှာ သဘောတူညီချက်တွေကို အာမခံထားနိုင်မယ်ဆိုရင် စစ်ကောင်စီနဲ့ ဆွေးနွေးပွဲတွေဖြစ်လာနိုင်တယ်လို့လည်း ယာယီသမ္မတဒူဝါလရှီးလက ပြောပါတယ်။

ဒီလိုဆွေးနွေးပွဲဆိုတဲ့စကားရပ်အပေါ် ပြည်သူတွေက သဘောတူမှာမဟုတ်ဘူးဆိုတာသိပေမယ့် စစ်ဘေးသင့်နေတဲ့ပြည်သူတွေကိုကူညီနိုင်ဖို့ အခုလမ်းကြောင်းကို ထည့်သွင်းပြောဆိုတာလို့လည်း သူကရှင်းလင်းခဲ့ပါတယ်။

ပိုမိုကောင်းမွန်တဲ့မနက်ဖန်အတွက် အတွေးသစ်အမြင်သစ်တွေကို ချပြဆွေးနွေးကြတဲ့ ဒီအစီအစဉ်မှာ ကနေဒါဝန်ကြီးချုပ် ထရူးစ်ဒိုး၊ လစ်သူယေးနီးယားဝန်ကြီးချုပ် အင်ဂရီဒါရှိမွန်နီတာ၊ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဟာရာရှိယိုရှီမာဆာ၊ အိန္ဒိယ၊ သီရိလင်္ကာနဲ့ အမေရိကန်နိုင်ငံတို့က ဝန်ကြီးနဲ့ ဒုဝန်ကြီးတွေ၊ ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ ဒေးဗစ်မယ်လ်ပတ်စ်၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF မန်နေးဂျင်းဒါရိုက်တာ ခရစ္စတာလီနာဂျောဂျီဗာတို့ အပါအဝင် ကမ္ဘာ့ နိုင်ငံရေးနဲ့  စီးပွားရေးခေါင်းဆောင်တွေ ပါဝင်ပြောကြားသွားခဲ့ကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013