Home
မြန်မာသတင်း
သိမ်းဆည်းခံလယ်မြေပြန်ရရေး မအူပင် လယ်သမားများ ထွန်တုံးတိုက်ပွဲစတင်
နော်နိုရင်း
·
May 15, 2014
ဧရာဝတီတိုင်း မအူပင်မြို့နယ်အတွင်းက လယ်မြေသိမ်ဆည်းခံရတဲ့ တောင်သူ ၆၀ ကျော်ဟာ သူတို့ လယ်မြေပြန်ရရှိရေးအတွက် ထွန်တုံးတိုက်ပွဲ ဆင်နွှဲနေကြပါတယ်။ [caption id="attachment_56664" align="alignright" width="300"]ဓာတ်ပုံ - ကိုဟန်ဝင်းအောင် ဓာတ်ပုံ - ကိုဟန်ဝင်းအောင်[/caption]မအူပင် တံတားဆောက်လုပ်ဖို့ဆိုပြီး ဆောက်လုပ်ရေးက ၂၀၀၁ ခုနှစ်ကတည်းက သိမ်းဆည်းခဲ့တဲ့ လယ်မြေဧက ၁၇ ဧကကို မူလလယ်ပိုင်ရှင်လယ်သမားတွေက ဒီကနေ့ ၀င်ရောက်ထွန်ယက်ကြပါတယ်။ လယ်သမား ဦးအုန်းမြိုင်က “ကျနော်တို့ လယ်ယာမြေတွေကို မတရားသိမ်းထားလို့ အဲဒါတွေ ပြန်ရအောင် တိုက်ပွဲဝင်ရတာပါ။ ၂၀၀၁ ခုနှစ်က မအူပင်တံတား ချည်းကပ်လမ်းအတွက်ဆိုပြီး လယ်တွေက မြေကြီးတွေ လာတူးယူသွားပြီး ကန်ကြီးဖြစ်သွားတဲ့ အခါမှာ အဲဒီမြေကို ပြန်မပေးဘဲ ဆောက်လုပ်ရေးကနေ ပထမ သိမ်းလိုက်တယ်။ နောက်စစ်မှုထမ်းဟောင်းဆိုပြီး ပြန်သိမ်းယူထားလို့ လယ်သမားတွေကို ပြန်မပေးဘူး။ ဒါကြောင့်မို့ လယ်သမားတွေက မခံနိုင်လို့ ပြန်တောင်းတာ”လို့ ပြောပါတယ်။ စီမံကိန်းနဲ့ စပါးစိုက်ပြီး ငါးကန်လုပ်ရမယ်ဆိုပြီး သိမ်းဆည်းထားတဲ့ လယ်မြေတွေပေါ်မှာ လည်း မနက်ဖြန် ဆက်ပြီး ထွန်တုံးတိုက်ပွဲဝင်သွားမယ်လို့ ဦးအုန်းမြိုင်က ပြောပါတယ်။ လက်ရှိထွန်တုံးတိုက်ပွဲလုပ်တဲ့ ၂ ရက်တာအတွင်း အာဏာပိုင်တွေက တစုံတရာ ဖမ်းဆီး အရေးယူမှု မရှိပေမယ့် သတင်းယူတာ၊ ဓာတ်ပုံ ရိုက်တာတွေ လုပ်တယ်လို့ ပြောပါတယ်။ လွန်ခဲ့တဲ့ ၂၀၀၁ ခုနှစ်က မအူပင်မြို့ တလုပ်လပ်ကျေးရွာက အာဏာပိုင်တွေ သိမ်းဆည်း ထားတဲ့ လယ်မြေဧက ၃၀၀ ကျော်ကို ပြန်လည်ရရှိရေးအတွက် လယ်သမားတွေ စုပေါင်းပြီး မေလ ၁၄ ရက်နေ့ကစပြီး သိမ်းဆည်းခံလယ်တွေအပေါ်မှာ ထွန်တုံးတိုက်ပွဲ လုပ်ဆောင်နေ ကြတာ ဖြစ်ပါတယ်။ မေလ ၁၄ ရက်နေ့မှာဆိုရင် ဒေါ်လှဘိန် ပိုင်ဆိုင်တဲ့ခဲ့တဲ့ လယ်မြေ ၂ ဧကပေါ်မှာစပြီး ထွန်ယက်ခဲ့ကြတယ်လို့ မအူပင်က လယ်သမားအရေးလှုပ်ရှားသူ မလေးလေးက ပြောပါတယ်။ “၁၄ ရက် ၅ လပိုင်း ၂၀၁၄ မှာ ၈ နာရီမှာ ၂ ဧကပေါ်မှာ စပြီးထွန်တယ်။ လယ်သမား အယောက် ၆၀ က စပြီးထွန်တယ်။ သူ့လယ်ကိုလည်း ကိုယ်ထွန်၊ ကိုယ့်လယ်ကိုလည်း သူထွန်နဲ့ လယ်သမားကွန်ရက်ဖွဲ့ပြီး ထွန်နေကြတယ်။ မနေ့က ဒေါ်လှဘိန်လယ် ၂ ဧက ပြီးသွားတယ်။” တလုပ်လပ်ကျေးရွာ လယ်စိုက်ကွင်း ဧက ၃၀၀ လောက်ကို မွေးမြူရေးနဲ့ ရေလုပ်ငန်း ၀န်ကြီးဌာန၊ ဆောက်လုပ်ရေးဌာနနဲ့ စစ်တပ်ကနေပြီး သိမ်းဆည်းထားခဲ့တာဖြစ်ပြီး စီပွားရေးလုပ်ငန်းရှင်တွေကို အဆင့်ဆင့်ပြန်လည် ရောင်းချခဲ့တယ်လို့ လယ်သမားတွေက ပြောပါတယ်။ နိုင်ငံတ၀ှမ်းက သိမ်းဆည်းခံရတဲ့လယ်မြေတွေ ပြန်ရရေး လယ်သမားတွေက အခု ရက်ပိုင်းတွေ ထွန်တုံးတိုက်ပွဲတွေ၊ ဆန္ဒပြပွဲတွေ လုပ်ဆောင်နေတာဟာ အစိုးရနဲ့ ဌာနဆိုင်ရာ တွေက ဥပဒေနဲ့ အညီ မလုပ်ဆောင်တဲ့အတွက် ဒီပြဿ နာတွေ ဖြစ်ပေါ်လာရတာလို့ ဥပဒေပညာရှင်တဦးဖြစ်သူ ဦးမြင့်သွင်က အခုလို ဝေဖန်ထားပါတယ်။ “အစိုးရနဲ့ ဌာနဆိုင်ရာတွေက ဥပဒေကို လေ့လာမှတ်သားပြီးတော့ ဥပဒေနဲ့အညီ မလုပ်ဆောင်တဲ့အတွက် ဥပမာ - မြေသိမ်းအက်ဥပဒေနဲ့အညီ မသိမ်းတဲ့ကိစ္စ၊ လျော်ကြေးနစ်နာ ကြေးတွေ မပေးတဲ့ကိစ္စ၊ ဒီဥပဒေတွေနဲ့ မညီတဲ့အတွက် ဒါဟာ ပထမဆုံး မြေသိမ်းခံရတဲ့ တောင်သူတွေ နစ်နာလို့ စိတ်ခံစားရတာ။ ဒုတိယအချက်က အခုပြဿ နာတွေဟာ နှစ် ၁၀ နဲ့ချီ ပတ်ဝန်းကျင်ရောက်လာတဲ့အခါမှာ မြေသိမ်းခံရတဲ့ တောင်သူတွေရဲ့ စားဝတ်နေရေး ဘ၀တွေက ကျပ်တည်းလာတယ်။ ဒါကို ဥပဒေနဲ့အညီ ဖြေရှင်းရမှာ ရှိသလို၊ မူတွေ ပေါ်လစီတွေ ချမှတ်ပြီးတော့ ဖြေရှင်းပေးရမယ့်ကိစ္စတွေ ရှိတယ်။ ဥပဒေနဲ့မညီပဲနဲ့ မြေသိမ်းထားတာတွေကို ဘယ်လို ပြန်ပေးမလဲ၊ ဘယ်လို ခွဲဝေပေးမလဲ၊ မနစ်နာအောင် ဘာတွေ လုပ်ပေးမလဲလို့ အစိုးရနဲ့ လွှတ်တော်ကနေပြီး မူတွေချမှတ်ပြီး ဆောင်ရွက်ပေးရမယ့်ကိစ္စတွေ လက်ရှိအားနည်းနေလို့ ဒီ ပြဿ နာတွေဖြစ်တာ။” မေလ ၁၄ ရက်နေ့တုန်းကလည်း ပဲခူးတိုင်း၊ သဲကုန်းမြို့ သိမ်းဆည်းခံလယ်မြေပြန်ရရေး ဆန္ဒပြခဲ့တဲ့ လယ်သမားတွေကို ရဲတပ်ဖွဲ့က အင်အားသုံး ရိုက်နှက်ခဲ့လို့ လယ်သမားတချို့ ဒဏ်ရရှိပြီး ၂ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024