Live
Home
မြန်မာသတင်း
ကိုးကန့်တိုက်ပွဲတွင် စစ်ကောင်စီတပ်က တပ်ရင်းမှူးအပါ အရာရှိစစ်သည် ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံး
DVB
·
December 1, 2022

မြန်မာ- တရုတ်နှစ်နိုင်ငံနယ်စပ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်ခရိုင်၊ ချင်ရွှေဟော်နယ်မြေမှာ စစ်ကောင်စီတပ်နဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်(MNDAA) ကိုးကန့်တပ်တို့ တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်က တပ်ရင်းမှူး ၁ ဦး၊ တပ်ခွဲမှူး ၂ ဦးအပါအဝင် အရာရှိစစ်သည် ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ် ရာရသေဆုံးခဲ့တယ်လို့ ကိုးကန့်တပ်က သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်နဲ့ လက်အောက်ခံကိုးကန့်ဌာနေပြည်သူစစ်ပူးပေါင်းတပ်ဖွဲ့ဟာ အင်အား ၅၀၀ ကျော်နဲ့ ချင်းရွှေဟော်ဒေသ၊ နမ့်ဖာတောင်မှာ တပ်စွဲထားတဲ့ MNDAA ကိုးကန့်တပ်စခန်းကို နိုဝင်ဘာလ ၂၇ ရက်က စတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်နေလာတာကြောင့် နိုဝင်ဘာ ၂၉ ရက် ညနေပိုင်းထိတိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာဖြပါတယ်။

အဆိုပါတိုက်ပွဲအတွင်း စစ်တပ်ဘက်က အရာရှိစစ်သည် ၁၀ ဦး ထက်မနည်းကျဆုံးကာ ထိုးစစ်အရှိန်ရပ်တန့်သွားခဲ့ပြီး ကျဆုံးစစ်သည်အလောင်းတွေကို စစ်မြေပြင်မှာ စွန့်ပစ်ထားခဲ့တယ်လို့ ကိုးကန့်တပ်က ဆိုပါတယ်။

စစ်ကောင်စီတပ်က MNDAAကိုးကန့်တပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်နေချိန် MNDAA ကိုးကန့်တပ်ကလည်း လောက်ကိုင်ခရိုင်  တုံရှန်ဒေသ၊ ရာခုတ်ကိုင်၊ ပေါက်ပေါက်ကျိုက်နဲ့ ရှင်ကိုင်နယ်မြေတွေမှာရှိတဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေကို ရှောင် တခင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ကိုးကန့်ဒေသမှာ နှစ်ဖက်စစ်ရေးတင်းမာနေပြီး စစ်ကောင်စီတပ်က စစ်မြေပြင်နေရာတွ အင်အားစုစည်းတာတွေ ဆောင်ရွက်နေတယ်လို့လည်း ဖော်ပြထားပါတယ်။

ကိုးကန့်ဒေသ လောက်ကိုင်၊ ကုန်းကြမ်း၊ ချင်ရွှေဟော်၊ မော်ထိုက်၊ ဟုန်အိုင်၊ ခြင်မကိုင်၊ တာရွှေထန်၊ ရန်လုံကျိုင်း၊ လုံထန်ဒေသတွေမှာ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ  ၉ ရက်က စတင်ကာ ကွယ်လွန်သွားပြီဖြစ်တဲ့ ကိုးကန့်ခေါင်းဆောင်ဖုန်ကြားရှင် ဦးဆောင်တဲ့ MNDAA ကိုးကန့်တပ်တွေနဲ့ စစ်ကောင်စီတပ်တို့ကြား တကျော့ပြန်တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ 

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က အရာရှိစစ်သည် ရာနဲ့ချီပြီး သေဆုံးခဲ့သလို ကိုးကန့်တပ်ဘက်ကလည်း ထိခိုက်ကျဆုံးများပြားခဲ့ပါတယ်လို့ သတင်းရင်းမြစ်တွေကဆိုပါတယ်။

၂၀၁၅ ခုနှစ် ဖေဖော်ဝါရီက စတင်ခဲ့တဲ့ MNDAA ကိုးကန့်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် သိန်းနဲ့ချီတဲ့ ပြည်သူထုတွေ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပြီး သောင်းနဲ့ချီတဲ့ ဒေသခံတွေဟာ အိုးမဲ့အိမ်မဲ့ဖြစ် ခဲ့ပါတယ်။ 

အခုလက်ရှိ ကိုးကန့်ဒေသမှာ ဒေသခံအများစု မိမိရပ်ရွာမှာ ပြန်လည်အခြေချနေထိုင်နေကြပေမဲ့ ထောင်နဲ့ချီတဲ့ ပြည်သူတွေကတော့ စစ်ရှောင်အိမ်ရာတွေမှာ နေထိုင်နေကြရဆဲဖြစ်ပါတယ်လို့ နယ်မြေခံတွေက ဆိုပါတယ်။

လက်ရှိအချိန်ထိလည်း MNDAA ကိုးကန့်တပ်နဲ့ စစ်ကောင်စီတပ်ကြား စစ်ရေးတင်းမာနေပြီး ကိုးကန့်ဒေသအပြင် ကွမ်းလုံ၊ သိန္နီ၊ ကွတ်ခိုင်၊ လားရှိုး၊ မူဆယ်၊ မုံးကိုး၊ မုံးပေါ်၊ မုံးစီနဲ့ ဖောင်းဆိုင်ဒေသတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ 

လက်ရှိ တိုက်ပွဲအတွင်း နှစ်ဖက် ကျဆုံးထိခိုက်သူ အရေအတွက်ကိုတော့ ဒီဗွီဘီသတင်းဌာနအနေနဲ့ သီးခြားအတည်ပြုနိုင်ဖို့ စုံစမ်းနေဆဲဖြစ်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024