
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်မှာ နိုဝင်ဘာ ၃၀ ရက်နေ့ မနက်က စစ်ကောင်စီတပ် ထောက်ပို့ယာဉ်တစီးကို စစ်လက်နက်အသုံးအဆောင်ပစ္စည်းတချို့နဲ့အတူ ဖမ်းဆီးရမိတယ်လို့ NUG:FF မြေခွေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
“ကျနော်တို့ မြေခွေးတပ်ဖွဲ့နဲ့ မဟာမိတ်တွေက စကစ ထောက်ပို့တစီး လာမယ်ကြားတော့ စောင့်ဖမ်းတာပါဗျ။ စစ် (-) တွေက ရွာသားတယောက်ကို ပေါ်တာဆွဲပြီး ထော်လာဂျီနဲ့ လွှတ်လိုက်တာပါ။ လူရော ထော်လာဂျီကိုရော ထိန်းသိမ်းထားပါတယ်။ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ရွာသားကို ပြန်လွှတ်ပေးဖို့ သင့်၊ မသင့်ဆိုတာ အဖွဲ့တွေနဲ့ တိုင်ပင်ရဦးမယ်” လို့ NUG:FF အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
မတ္တရာမြို့အရှေ့ဘက်ခြမ်းကို စစ်ကောင်စီတပ် ထောက်ပို့ယာဉ်တစီး ဖြတ်သန်းလာမှာကို သတင်းရထားလို့ NGU:FF မြေခွေးတပ်ဖွဲ့၊ တိုက်သိမ်း မြေအောက်တော်လှန်ရေးနဲ့ နတ်ဆိုးမြေအောက်တော်လှန်ရေးအဖွဲ့တို့ ပူးပေါင်းဖမ်းဆီးခဲ့တာဖြစ်ပြီး ယာဉ်ပေါ်မှာ စစ်လက်နက်အသုံးအဆောင်တွေ၊ ကျည်အမျိုးအစားစုံ ၁၅၀ ကျော်နဲ့ ပြည်သူတွေဆီက ခိုးယူလာတဲ့ ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
ထော်လာဂျီပေါ်ပါ ခိုးရာပါပစ္စည်းတွေနဲ့ စစ်အသုံးအဆောင်တွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး ကျည်ခဲယမ်းတွေကို တော်လှန်ရေးအင်အားစုတွေဆီ ခွဲဝေပေးခဲ့တယ်လို့ သိရပါတယ်။