DVB Logo
Home
မြန်မာသတင်း
ညောင်ခါးရှည် စစ်ဆေးရေးဂိတ်တွင် အချိန်ကြာမြင့်မှုကြောင့် ခရီးသွားပြည်သူများ အခက်တွေ့
DVB
·
November 30, 2022
ညောင်ခါးရှည် စစ်ဆေးရေးဂိတ်တွင် အချိန်ကြာမြင့်မှုကြောင့် ခရီးသွားပြည်သူများ အခက်တွေ့
1 / 2
Donate to DVB

ပဲခူးတိုင်း၊ ဝေါမြို့နယ် မြိတ်-ရန်ကုန် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ညောင်ခါးရှည် X-ray စစ်ဆေးရေးဂိတ်မှာ မော်တော်ယာဥ်တွေ ၆ နာရီကျော်လောက် စောင့်ဆိုင်းနေရတဲ့အတွက် ခရီးသွားပြည်သူတွေ အခက်အခဲ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ခရီးသွားပြည်သူတဦးက “ညောင်ခါးရှည် X-ray မှာ မော်တော်ယာဥ်တွေ အချိန်ကြန့်ကြာမှု ဘယ်လောက်ကြာသလဲဆိုတော့ ယာဥ်တန်းအရှည်ကတော့ မြင်တဲ့အတိုင်းပါပဲ။ အနည်းဆုံးကတော့ ၈/၉ မိုင်လောက်ရှိပါတယ်။ ခရီးသွားပြည်သူတွေအတွက် အချိန်ကြာတဲ့အတွက် အပေါ့အလေးသွားဖို့ ခက်ခဲသလို ကြုံသလို သွားနေရတဲ့အတွက် အမျိုးသမီးတွေအတွက် အခက်အခဲ ကြုံရပါတယ်။ ကြာလာရင် အနံ့အသက်တွေကြောင့် ကျန်းမာရေး ထိခိုက်နိုင်ပါတယ်။ လမ်းဘေးဝဲယာမှာက လယ်ကွင်းဆိုတော့ နားခိုစရာမရှိ၊ စျေးဆိုင်တွေလည်း မရှိပါဘူး” လို့ ပြောပါတယ်။

ဒါ့အပြင် အဲဒီနေရာမှာ စားသောက်ဖွယ် လာရောက်ရောင်းချသူတွေရှိပေမဲ့ အစားအသောက်တွေ စျေးကြီးတယ်လို့ အဆိုပါခရီးသွားက ပြောပါတယ်။

ဒီလို အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရတာကြောင့် မြိတ်-ရန်ကုန် ခရီးသွားဖို့အတွက် ၂ ညအိပ် ကြာနေတာ ၆ လလောက်ရှိနေပြီလို့ ခရီးသွားပြည်သူတဦးက ပြောပါတယ်။

“၆ နာရီကြာတယ်။ မိန်းကလေးတွေ အပေါ့အလေးသွားဖို့ မရှိတော့ အခက်အခဲရှိတယ်။ ခရီးသည်တွေကို ကားပေါ်ကဆင်းခိုင်းတယ်။ ကားကို အထဲမောင်းပြီး စက်နဲ့စစ်တယ်။ လူကိုလည်း အဲဒီစက်နေရာမှာ တယောက်စီသွားခိုင်းပြီး စစ်တယ်။ ပါလာတဲ့အိတ်တွေ စက်ထဲထည့်စစ်တယ်။ မလွဲတောင်မှာက နာရီဝက် ၁ နာရီကြာတယ်။ စစ်တောင်းတံတားမှာ ကြာတယ်။ လူဆင်းလျှောက်ရတယ်။ မရမ်းချောင်းမှာလည်း ကားတန်းကြီးများတော့လည်း ၂ နာရီ ၃ နာရီကြာတယ်။ ပြီးရင် မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းအစပ် ညောင်ခါးရှည်မှာကတော့ X-ray စက်နဲ့စစ်တာ အကြာဆုံးပဲ။ ကားတန်းက သုံးထပ်ကို ၈/၉ မိုင်လောက်ရှည်တယ်။ ကြာချိန်က ၆ နာရီကျော်လောက်ကြာအောင် စောင့်ရတယ်။ ဒီကြားထဲ ၁၀ စီးတခါ သိတဲ့အတိုင်း ယူပြီး ဖြတ်စစ်ပေးတယ်။ ဒီတော့ ပိုကြာပြီပေါ့။ ရန်ကုန်ကလာတဲ့ ကားတွေတော့ မစစ်ပါဘူး။ ဒါပေမဲ့ ရန်ကုန်အတက်ကားတွေက ပိတ်နေတော့ ပိုဆိုးပါတယ်။ မြိတ်-ရန်ကုန်က ၂ ညအိပ်လောက်ဖြစ်သွားတယ်။ ဒီနှစ်ထဲမှာပဲ ၆ လကျော်လောက်ရှိပြီ။"

အခုလို မြို့တိုင်းမှာ စစ်ဆေးတာတွေ ပိုများတာကြောင့် ခရီးသွားတွေအတွက် အချိန်ကုန် ငွေကုန်ပြီး ဒုက္ခရောက်နေရပါတယ်။

အဆိုပါ X-ray စစ်ဆေးရေးဂိတ်ကို စစ်ကောင်စီဘက်က ဇူလိုင်လက စတင်တပ်ဆင်ပြီး ဒီကနေ့အထိ တင်းတင်းကျပ်ကျပ် စစ်ဆေးလုပ်ဆောင်နေတဲ့အတွက် ခရီးသွားယာဥ်တွေ၊ အရေးပေါ် လူနာတင်ကားတွေနဲ့ ကုန်ကားတွေ အခက်အခဲ တွေ့နေရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013