DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းအတွင်း တိုက်ပွဲများဆက်ဖြစ်၊ စစ်တပ်က ကျေးရွာများကို မီးရှို့ပြီး မြေမြှုပ်မိုင်းများ ထောင်ထား
DVB
·
November 30, 2022
စစ်ကိုင်းတိုင်းအတွင်း တိုက်ပွဲများဆက်ဖြစ်၊ စစ်တပ်က ကျေးရွာများကို မီးရှို့ပြီး မြေမြှုပ်မိုင်းများ ထောင်ထား
1 / 3
Donate to DVB

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ တောချောင်းဦးနယ်မြေခံရဲစခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ တွေက နိုဝင်ဘာ ၃၀ ရက် မနက် ၆ နာရီလောက်က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

အဲဒီ တောချောင်းဦးနယ်မြေခံရဲစခန်းဟာ ရဲအင်အား ၃၀ ရှိပြီး ကတုတ်ကျင်း ၄ ခုနဲ့ ရန်သူကို တိုက်ခိုက်နိုင်ဖို့ ကြိုတင်ပြင်ဆင်ထားတဲ့ စခန်းတခု ဖြစ်တယ်လို့ ဆိုပါတယ်။

အခုတိုက်ပွဲကို စစ်ကိုင်းခရိုင် ကွပ်ကဲရေးမှူးရဲ့ ကြီးကြပ်မှုနဲ့ မြင်းခြံခရိုင် တပ်ရင်း-၇ Zeoro ပြောက်ကျားတပ်ဖွဲ့၊ G4G PDF၊ နဂါးနီ ကျောက်ဆည်၊ စစ်ကိုင်းခရိုင်-၁၊ တပ်ရင်း-၂ နဲ့ မြင်းခြံခရိုင် တပ်ရင်း-၆ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

မြင်းခြံခရိုင် တပ်ရင်း-၇ Zero ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူ ကိုသက်ကြီးက “တိုက်တာ‌ကတော့ စခန်းသိမ်းဖို့ရာ တိုက်တာပဲ။ စခန်းသိမ်းနိုင်ဖို့ရာ မိနစ်ပိုင်းအလိုကြမှ မုံရွာကနေ ‌ဂျက်လေယာဉ် ၂ စီးနဲ့ လာပစ်လို့ အဖွဲ့တွေ နောက်ဆုတ်ခဲ့ရတယ်။ အကျအဆုံးကတော့ ရခ ၇ ကောင်ကျတယ်။ အများအပြား ဒဏ်ရာရသွားတယ်။ ကျနော်တို့ဘက်ကတော့ အထိအခိုက် မရှိခဲ့ဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီဘက်က ရဲ ၇ ဦး သေဆုံးတာနဲ့ပတ်သက်လို့ ဒီဗွီဘီအနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်မှာ အိမ်ခြေ ၃၀၀ ကျော်ရှိ အင်းတိန်ရွာကို ဒီနေ့ မနက် ၉ နာရီကစပြီး စစ်ကောင်စီတပ်က မီးရှို့နေတယ်လို့ ထီးချိုင့်ဒေသခံတွေက ပြောပါတယ်။

အဆိုပါစစ်တပ်ဟာ နိုဝင်ဘာ ၂၅ ရက်ကစပြီး ထီးချိုင့်မြို့နယ် အနောက်ခြမ်း ဆူးပုတ်ချောင်၊ အလယ်တောရွာတွေကို ဆက်တိုက်မီးရှို့ခဲ့ပြီးနောက် အင်းတိန်ရွာကို ဒီနေ့မနက် ဆက်လက်မီးရှို့နေတာလို့ ဆိုပါတယ်။

ဒေသခံရွာသားတဦးက “သူတို့ ထင်သလိုလုပ်နေကြတော့တာဗျ။ အရင်နေ့တွေကလည်း တိုက်လေယာဉ်တွေနဲ့ ဗုံးလာကြဲတာတွေလည်း လုပ်တယ်။ လေယာဉ်နဲ့ပစ်လို့ ဟိုနေ့က ‌အလယ်တောက အရပ်သားတဦးနဲ့ ကိုရင်လေး ကျည်ဆန်ယမ်းစမှန်လို့ ဒဏ်ရာရထားတယ်။ အရပ်သားကတော့ အခြေအနေ အတော်ဆိုးတယ်ဗျ။ အခုလည်း ရွာကို မီးရှို့နေတယ်။ တိုက်ပွဲလည်း မဖြစ်ပါဘူးဗျ။ သူတို့နဲ့ တိုက်ပွဲက အရင်နေ့တွေက အလယ်တောရွာ အနောက်ဘက်မှာဖြစ်တာ။ အခုဟာက မဆိုင်တဲ့ရွာတွေပါ မီးလိုက်ရှို့နေတာ။ အခုမှ ရွာထဲကနေ မီးခိုးလုံးတွေ စတက်နေတာဗျ။ သူတို့က ရွာထဲက မထွက်သေးလို့ မီးလောင်တဲ့ အိမ်အရေအတွက်ကတော့ အတိအကျ မပြောနိုင်သေးဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ကတော့ နိုဝင်ဘာ ၂၅ ရက်ကစတင်ပြီး ထီးချိုင့်မြို့အနောက်ခြမ်းဘက်ကို စစ်ကြောင်း ၂ ကြောင်းနဲ့ ထိုးစစ်ဆင်လာပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ တိုက်ပွဲနှစ်ကြိမ် ထိပ်တိုက်ဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်က အကျအဆုံးများတာကြောင့် တိုက်လေယာဉ်‌တွေနဲ့ပါ ပစ်ခတ်ခဲ့ပြီး လက်ရှိမှာ ကျေးရွာတွေကိုလည်း မီးရှို့နေတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့‌တွေ စစ်ကိုင်းတိုင်းအတွင်းမှာ နေ့စဉ် တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီဘက်ကတော့ နေ့စဉ်လိုလို ဒေသခံတွေရဲ့ ကျေးရွာအတွင်းက လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာကြောင့် မီးဘေးသင့်ဒုက္ခသည် အများအပြား နေထိုင်စရာနဲ့ စားဝတ်နေရေး အခက်တွေ့နေသလို ကျေးရွာ ၁၂ ရွာက ဒေသခံသောင်းနဲ့ချီ စစ်ဘေးရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်းမှာ စစ်တပ်က ထောင်ထားခဲ့တဲ့ မြေမြှုပ်နင်းမိုင်းတွေကို နိုဝင်ဘာ ၂၉ ရက် ညနေပိုင်းက ဒေသခံ တော်လှန်ရေးအင်အားစုတွေက ရှာဖွေတွေ့ရှိတယ်လို့ သိရပါတယ်။

အဆိုပါ မြေမြှုပ်ခြေနင်းမိုင်းတွေကို ရွှေဘို၊ ခင်ဦး၊‌ ရေဦး ကားလမ်းမပေါ်ကနေ တွေ့ရှိခဲ့တာလို့ ခင်ဦးဒေသခံ ကာကွယ်ရေးခေါင်းဆောင်တဦးက ပြောပါတယ်။ 

“ပထမ နိုဝင်ဘာ ၂၈ ရက်နေ့က ‌စစ်(--)‌ေတွ ထောင်ထားခဲ့တဲ့ မိုင်းကို နွားတကောင် တက်နင်းမိပြီး ထိခိုက်ဒဏ်ရာရသွားတယ်။ နောက် နိုဝင်ဘာ ၂၉ ရက်နေ့ မနက်ခင်းပိုင်းရောက်တော့ နွား ၂ ကောင်နဲ့ ကားတစီး ထပ်ပြီး မိုင်းထိတယ်။ အဲလိုတွေဖြစ်နေလို့ ကျနော်တို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ စုပေါင်းပြီး နေ့လယ် ၁၂ နာရီကနေစတင်ပြီး မိုင်းရှာဖွေတာတွေ လုပ်တယ်။ ညနေ ၄ နာရီလောက်ရောက်တော့ မိုင်း ၃ လုံး ထပ်တွေ့ရတယ်။ နောက်ထပ်လည်း ထပ်တွေ့နိုင်သေးတယ်ဗျ။ အဲဒါကြောင့် ပြည်သူတွေ အသွားအလာ ဂရုစိုက်ဖို့ ပြောချင်ပါတယ်။”

အဲဒီ မြေမြှုပ်ခြေနင်းမိုင်းတွေကို စစ်ကောင်စီက ခင်ဦးနယ်အတွင်း နိုဝင်ဘာ ၁၇ ရက်ကနေ ၂၇ ရက်ထိ စစ်ကြောင်းသုံးကြောင်းနဲ့ စစ်ကြောင်းထိုးရင်း အခုလို ထောင်ထားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

မိုင်းရှင်းလင်းရေးကို ခင်ဦးမြို့နယ် ပကဖ တိုက်နယ် ၄ နဲ့အတူ မော်ကွန်းညီနောင်၊ နဂါးညီနောင်၊ ဒေါင်းရာဇာ စတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ အတူတကွ ပူးပေါင်းပြီး ရှာဖွေတွေ့ရှိခဲ့တာလို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013