Home
မြန်မာသတင်း
ဆီစက်လုပ်ငန်းရှင်များကို ချေးငွေထုတ်ပေးမည့် အစီအစဉ် နီးစပ်သူများသာရရှိနိုင်
DVB
·
November 30, 2022

စစ်ကောင်စီက ပြည်ပမှ စားသုံးဆီတင်သွင်းမှုကို လျှော့ချနိုင်ဖို့အတွက် ဆီစက်လုပ်ငန်းရှင်တွေကို ချေးငွေထုတ်ပေးမယ်လို့ ကြေညာထားပေမဲ့ စစ်ကောင်စီနဲ့နီးစပ်သူ လုပ်ငန်းရှင်ကြီးတွေကသာ အများစု ရရှိကြမှာဖြစ်လို့ မိမိတို့အနေနဲ့ စိတ်ဝင်စားမှု မရှိတဲ့အကြောင်း တနိုင်တပိုင် ထုတ်လုပ်နေတဲ့ လုပ်ငန်းငယ်သမားတွေက ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီက ပြည်တွင်းမှာ စားသုံးဆီဖူလုံဖို့နဲ့ ပြည်ပမှ စားသုံးဆီ တင်သွင်းမှု လျှော့ချနိုင်စေဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြည်တွင်းရှိ ဆီစက်တွေကို တိုးချဲ့တပ်ဆင်တာ ဒါမှမဟုတ် အဆင့်မြှင့်တင်ပြီး ခေတ်မီဆီစက်အသစ် တည်ဆောက်တာတို့အတွက် ဆီစက်လုပ်ငန်းရှင်တွေကို ချေးငွေထုတ်ပေးမယ်လို့ ဆိုပါတယ်။

ဒီ့အတွက် ချေးငွေအဆိုပြုလွှာတွေကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၇ ရက် နောက်ဆုံးထားပြီး စစ်ကောင်စီက တာဝန်ပေးထားတဲ့ နေပြည်တော်ရှိ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနက ဆီစက်လုပ်ငန်းတွေရဲ့ ချေးငွေလိုအပ်ချက်ကို လေ့လာသုံးသပ် တင်ပြရေးအဖွဲ့ထံ တင်ပြရမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ စစ်ကောင်စီက ထုတ်ချေးမယ့် ချေးငွေက နီးစပ်ရာ လုပ်ငန်းရှင်ကြီးတွေကသာ အများစုရရှိကြတာဖြစ်လို့ မိမိတို့အနေနဲ့ ချေးငွေအဆိုပြုလွှာ တင်သွင်းမှာ မဟုတ်တဲ့အကြောင်း လုပ်ငန်းငယ်သမားတွေက ဆိုပါတယ်။

မန္တလေးအခြေစိုက် ဆီစက်လုပ်ငန်းရှင်တဦးက “စစ်အာဏာရှင်အဆက်ဆက် အုပ်ချုပ်မှုအောက်မှာ ဘယ်တုန်းကများ ပွင့်လင်းမြင်သာမှု ရှိခဲ့လို့လဲ။ သူတို့လက်ထက်မှာ ပိုပြီးတော့ ချမ်းသာကြွယ်ဝသွားတဲ့သူတွေကကော ဘယ်လိုလူတန်းစားတွေလဲ ဆိုတာ အသိဉာဏ်ရှိတဲ့လူတိုင်း သိပါတယ်။ ရှင်းပြနေစရာ မလိုပါဘူးနော်။ အခု သူတို့ထုတ်ပေးမယ့် ချေးငွေကိုလည်း သူတို့နဲ့နီးစပ်တဲ့သူတွေကပဲ စိတ်ဝင်စားကြတာ။ ဘာလို့လဲဆို သူတို့ပဲ ရကြတာလေ။ ကျနော်တို့ကတော့ ကိုယ်နိုင်သလောက်နဲ့ပဲ လုပ်မယ်။ ပြီးတော့ ရှင်းရှင်းပြောရရင် သူတို့နဲ့လည်း မပတ်သက်ချင်ဘူး။ ဒါကြောင့် ဒီချေးငွေကို ကျနော်တို့က စိတ်လည်း မဝင်စားဘူး။ မျှော်လည်း မမျှော်လင့်ဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီက ထုတ်ချေးမယ့် ချေးငွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းရဲ့ သဘောထားမှတ်ချက်ကို မေးမြန်းဖို့အတွက် ဒီဗွီဘီက ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းပြန်လည်ဖြေကြားမှု မရခဲ့ပါဘူး။

ဒါ့အပြင် စစ်ကောင်စီလက်အောက်ခံ စီးပွားကူးသန်းဝန်ကြီးဌာနက ဖွဲ့စည်းထားတဲ့ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက စားသုံးဆီအတွက် အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် ထုတ်ပြန်ပေးနေတာ ရှိပါတယ်။

ဒါကြောင့် ရန်ကုန်ဈေးကွက်အတွက် နိုဝင်ဘာ ၂၈ ရက်မှ ဒီဇင်ဘာ ၄ ရက်အထိ သတ်မှတ်ပေးထားတဲ့ စားအုန်းဆီ ၁ ပိသာအတွက် အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းက ၄,၄၂၅ ကျပ် ဖြစ်ပေမဲ့ ပြင်ပမှာ ၁ ပိဿာကို ကျပ် ၁၀,၀၀၀ နီးပါး ဈေးပေးဝယ်နေရပါတယ်။

ရန်ကုန်မြို့နေ အိမ်ရှင်မတဦးက “အခု အပြင်မှာလေ စားအုန်းဆီဈေးက ၁ ပိသာကို ၉,၅၀၀ ကျပ် ပေးဝယ်ရတယ်နော်။ မြို့နယ်ရပ်ကွက်တွေမှာ သူတို့ (ဆီကုန်သည်နဲ့ ဆီလုပ်ငန်းရှင်များအသင်း) လိုက်ရောင်းပေးနေတာ ရှိတော့ရှိတယ်၊ ခွဲတမ်းနဲ့လေ။ လူတဦး ၁ ပိသာနှုန်းနဲ့ တန်းစီပြီး ဝယ်ရတယ်။ တန်းစီတဲ့သူက များလို့ မရတဲ့အခါလည်း ရှိတယ်။ အခုနောက်ပိုင်း ပိုဆိုးတာက ဆီက အလေးချိန်မပြည့်တဲ့အပြင် ဆီအရည်အသွေးကလည်း အရင်လိုမဟုတ်ဘူး။ တခါတလေဆိုရင် တော်တော်လေး ညံ့တာမျိုးနဲ့ ကြုံရတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ စားသုံးဆီလိုအပ်ချက်က တနှစ်ကို တန်ချိန် ၁၃ သိန်းနီးပါး ရှိတဲ့အနက် ပြည်တွင်းမှာ ထုတ်လုပ်နိုင်မှုက တန်ချိန် ၄ သိန်းခန့်သာ ရှိတာကြောင့် လိုအပ်တဲ့ တန်ချိန် ၈ သိန်းကနေ ၁၀ သိန်းခန့်ကို ပြည်ပကနေ နှစ်စဉ် တင်သွင်းနေရတာပါ။ ဒီပမာဏဟာ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၈၀၀ ကျော် ရှိပါတယ်။

ဒါကြောင့်ပဲ အာဏာသိမ်းစစ်ကောင်စီဟာ နိုင်ငံခြားငွေလိုအပ်ချက်ကို လျှော့ချနိုင်ဖို့အတွက် ပြည်တွင်းမှာ ဆီထွက်သီးနှံတွေ တိုးချဲ့စိုက်ပျိုးဖို့နဲ့ ဆီစက်တွေကို အရည်အသွေးမြှင့်တင်ပြီး ပိုမိုထုတ်လုပ်နိုင်ဖို့ မျှော်လင့်နေပါတယ်။

ဒါပေမဲ့ လက်တွေ့ မြေပြင်မှာတော့ နိုင်ငံအတွင်းမှာ တည်ငြိမ်မှုမရှိတဲ့အတွက် လယ်ယာမြေ လုပ်ကိုင်နေသူတွေဟာ လယ်ယာမြေကိုစွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေတာကြောင့် လယ်ယာသီးနှံထွက်နှုန်းက အကျဘက်မှာ ရှိနေတာကို စစ်ကောင်စီခေါင်းဆောင် မေ့လျှော့နေပြီး ပြည်တွင်းစားသုံးဆီ ဖူလုံပိုလျှံရုံသာမက စားသုံးဆီ အဓိက ထုတ်လုပ်တင်ပို့တဲ့ နိုင်ငံအဖြစ်ပါ ရပ်တည်နိုင်ရမယ်လို့ ကြွေးကြော်ထားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024