
ကချင်ပြည်နယ်၊ မိုးကောင်းမြို့က မြို့နယ်လျှပ်စစ်မီတာရုံးဝင်းအတွင်းမှာ နိုဝင်ဘာ ၂၉ ရက် ညနေပိုင်းက ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လျှပ်စစ်မီတာခ မပေးဆောင်ပါက မီးဖြတ်မယ်လို့ သတိပေး ခြိမ်းခြောက်စာတွေ ဖြန့်ဝေပြီး မီတာခကောက်ခံခဲ့တဲ့ မြို့နယ်လျှပ်စစ်မီတာရုံးဝင်းအတွင်းက ဝန်ထမ်းအိမ်ရာအနီးမှာ ဗုံးပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။
ဒေသခံ အမျိုးသားတဦးက “ဗုံးပေါက်တာက ညနေ ၆ နာရီလောက်က ပေါက်တာ။ ပြီးခဲ့တဲ့ နှစ်ပတ်လောက်က လျှပ်စစ်မီတာခ မပေးဆောင်ရင် မီးဖြတ်မှာဖြစ်ကြောင်း သတိပေးစာတွေ ဝန်ထမ်းတွေ လိုက်ဝေသေးတယ်။ ရုံးဝင်းထဲက ဝန်ထမ်းအိမ်ရာနားမှာ ပေါက်တာဆိုတော့ ထိခိုက်သေဆုံး ရှိ မရှိတော့ မသိရသေးဘူး” လို့ ပြောပါတယ်။
ဗုံးပေါက်ကွဲမှုဖြစ်ပွားအပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လျှပ်စစ်ရုံးနဲ့ ရုံးတည်ရှိရာ ရပ်ကွက်အတွင်း လိုက်လံပိတ်ဆို့ စစ်ဆေးရှာဖွေမှုတွေ ပြုလုပ်နေတဲ့အတွက် ထိခိုက်သေဆုံးတာ ရှိ၊ မရှိကို တိတိကျကျ မသိရဘူးလို့လည်း ဆက်ပြောပါတယ်။
လျှပ်စစ်ရုံး ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့က ဖောက်ခွဲခဲ့တယ်ဆိုတာ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
မိုးကောင်းမြို့နယ် လျှပ်စစ်မီတာရုံးက ဝန်ထမ်းတွေဟာ လက်နက်ကိုင်ဆောင်ထားတဲ့ ရဲနဲ့ စစ်သားတွေနဲ့အတူ မီတာခ အတင်းအကျပ် လိုက်လံကောက်ခံခဲ့တဲ့အတွက် ပြီးခဲ့တဲ့ မေလ ၂၅ ရက်ကလည်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးအတွင်းမှာ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ပါသေးတယ်။