Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းရှိ ကျေးရွာများကို စစ်တပ် မီးရှို့ဖျက်ဆီး၊ အင်းတော်ရဲစခန်း လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ
DVB
·
November 30, 2022
Inn Daw Police
Shwe Bo village fired by SAC
317091558_196136616248217_9036514721973988826_n

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မောင်းထောင်ကျေးရွာအုပ်စု၊ မြိုင်လယ်ရွာကို နိုဝင်ဘာ ၂၉ ရက် ညနေ ၄ နာရီလောက်မှာ စစ်ကောင်စီစစ်ကြောင်းက မီးဝင်ရှို့ပြီး ရွာသား ၂ ဦးကိုလည်း ဖမ်းဆီးသွားတယ်လို့ စစ်ကိုင်းဒေသခံတွေဆီကနေ သိရပါတယ်။

အခုလို စစ်ကောင်စီက ရွာကိုမီးရှို့လို့ အိမ် ၉ လုံး မီးလောင်ပျက်စီးခဲ့ရတယ်လို့လည်း သိရပါတယ်။

ဒေသခံအမျိုးသမီးတဦးက “ရွာကိုလည်း မီးရှို့တယ်။ နောက်ပြီးတော့ ချမ်းသာတယ်ထင်တဲ့ အိမ်ကြီးအိမ်ကောင်းတွေကို ဝင်ပြီး ရှာဖွေ ပစ္စည်းတွေ ရှာယူတာတွေလည်း ရှိတယ်။ သူတို့က မီးရှို့တဲ့သူက ရှို့တယ်။ ကျန်တဲ့သူက ကျမတို့ ပုန်းရှောင်နေတဲ့ သပြေပင် ဘုန်းကြီးကျောင်းဝင်းအတွင်း ရောက်လာပြီး အကုန်ထွက်လာခဲ့လို့ အော်ခေါ်တယ်။ သူတို့ မသင်္ကာတဲ့သူဆိုရင် အကုန်ရိုက်စစ်တယ်။ အဲဒါတွေကိုမြင်ပြီး အဘွားတယောက်ကတော့ ကြောက်ပြီး နှလုံးရပ်ပြီး သေသွားတယ်။ အဘွား ဒေါ်ဝင်းစိန် အသက်က ၉၀ လောက်ရှိမယ်။ မိုက်ရိုင်းတာကတော့ ကမ်းကုန်တယ်။ ဘုန်းကြီးကျောင်းအတွင်း ဝင်တာတောင် ဖိနပ်မချွတ်ဘူး။ သူတို့ပြန်ထွက်သွားတော့ ရွာသား ၂ ယောက်ကိုလည်း ခေါ်သွားကြတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီကတော့ အခု နိုဝင်ဘာလအတွင်းမှာ စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်တွေကို မြေပြင်စစ်ကြောင်းထိုးတာတွေ ထီးချိုင့်၊ ခင်ဦး၊ တန့်ဆည်၊ စစ်ကိုင်း၊ ဝက်လက်၊ ကန့်ဘလူ စတဲ့မြို့နယ်တွေကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေပြီး ကျေးရွာတွေကိုလည်း မီးရှို့တာတွေ အဓိက အများဆုံးလုပ်ဆောင်နေတာကြောင့် ဒေသခံဒုက္ခသည်တွေ တနေ့တခြား များပြားလာသလို နေထိုင်စားသောက်စရာတွေ အရေးပေါ်လိုအပ်ချက်တွေ ဖြစ်နေရတယ်လို့ စစ်ကိုင်းဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အလားတူ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်နဲ့ ရွှေဘိုမြို့နယ်ရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်ဖွဲ့က မီးရှို့တာတွေ ဆက်တိုက်ပြုလုပ်နေပြီး ဒေသခံပြည်သူအများအပြား ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။

ထီးချိုင့်မြို့နယ်မှာ နိုဝင်ဘာ ၂၉ ရက် ညနေပိုင်းက အင်းတိန်ကျေးရွာကို စစ်ကောင်စီတပ် မီးရှို့သွားပြီး ဒေသခံပြည်သူတွေလည်း ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။

ဒေသခံတဦးက “အခု အင်းတိန်ရွာကို ဝင်လာတာက အရင်ရက်က အလယ်တောရွာမှာ မီးရှို့ခဲ့တဲ့ စကစစစ်ကြောင်းက ဝင်လာတာ။ ရွာတွေချင်းက ဆက်နေတော့ တောက်လျှောက် သောင်းကျန်းနေတယ်။ ဆူးပုတ်ချောင်အဆင်းဘက်ကနေ မီးစရှို့နေတာ။ စစ်ကြောင်းဝင်လာလို့ ပြေးနေကြရတော့ ဘယ်နှစ်အိမ်ပါသွားလဲ မသိရသေးဘူး” လို့ ပြောပါတယ်။

နိုဝင်ဘာ ၂၈ ရက်ကလည်း ထီးချိုင့်မြို့နယ်ရှိ အလယ်တောကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ခဲ့တာကြောင့် နေအိမ် ၈၆ လုံး၊ ကျွဲ နွားတွေ၊ လယ်ယာသုံးစက်ကိရိယာတွေနဲ့ ဆန်၊ စပါးတင်းပေါင်း ထောင်နဲ့ချီ မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

ထီးချိုင့်မြို့နယ်မှာ နိုဝင်ဘာ ၂၇ ရက်နဲ့ ၂၈ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့နဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။

ရွှေဘိုမြို့နယ်မှာလည်း နိုဝင်ဘာ ၂၉ ရက်က ညောင်ပင်သာ၊ ကျီးကန်နဲ့ ကန်သာကုန်း ကျေးရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး မီးရှို့တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒေသခံတဦးက “စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးအဖွဲ့တွေ စုစုပေါင်း အင်အား ၈၀ လောက် ရှိတယ်၊ စိုက်ပျိုးရေးသိပ္ပံကျောင်းထဲကနေ ညောင်ပင်သာရွာထဲ ‌လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်လာတာ။ မနက် ၁၀ နာရီခွဲလောက်မှာ ညောင်ပင်သာရွာက ဘိုကုန်းရပ်ကွက်ဘက်ကို မီးစရှို့တယ်။ အဲဒီမှာ စကစနဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်ကြသေးတယ်။ နောက်ပြီး ကျီးကန်ရွာဘက်ကိုလည်း ဆက်တိုက်ရှို့သွားတယ်။ အိမ်ခြေအတိအကျတော့ မသိရသေးဘူး။ သူတို့ (စစ်ကောင်စီတပ်) ကင်းပုန်းတွေလည်း ရှိနေတော့ မဝင်ရဲသေးဘူး။ ရွာက လူတွေကတော့ ပြေးနေရတုန်းပဲ” လို့ ပြောပါတယ်။

အဲဒီနောက် နေ့လယ် ၂ နာရီလောက်မှာတော့ ရွာချင်းဆက်စပ်နေတဲ့ သာယာကုန်းကျေးရွာဘက်ကို ဆက်လက်စစ်ကြောင်းထိုး ဝင်ရောက်လာပြီး နေအိမ်တချို့ကိုလည်း မီးရှို့သွားခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်းအတွင်း အရင်ကထက် စစ်အင်အား တိုးမြှင့်လာတာတွေ ရှိနေပြီး ‌ကျေးရွာတွေကို ဆက်တိုက်မီးရှို့နေသလို ဒေသကာကွယ်ရေး တပ်ဖွဲ့တွေနဲ့လည်း တိုက်ပွဲတွေ ဖြစ်နေပါတယ်။

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့ရှိ အင်း‌တော်မြို့မရဲစခန်းကို မြို့ပြပြောက်ကျားတပ်ဖွဲ့က နိုဝင်ဘာ ၂၉ ရက် ညနေပိုင်းမှာ လက်ပစ်ဗုံး ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲစခန်းအတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်‌တွေက ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက “အခု စခန်းထဲကနေ ရမ်းသန်းပစ်နေတယ်။ ဆိုင်ကယ်တွေ လမ်းသွားလမ်းလာတွေကိုလည်း စစ်ဆေးနေတယ်။ ထိခိုက်မှုအခြေအနေတော့ မသိရသေးဘူးဗျ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒေသခံအမျိုးသားတဦးက “ရဲစခန်းအတွင်းမှာ နဘား၊ ပင်ဝယ်၊ မော်တိတ်၊ ရဲစခန်းကရဲတွေ အကုန် အဲဒီစခန်းမှာ စုပေါင်းထည့်ထားတယ်။ စခန်းထဲကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသန်း ပြန်လည်ပစ်ခတ်နေတယ်” လို့ ပြောပါတယ်။

နိုဝင်ဘာ ၂၈ ရက် မနက်ကလည်း အင်းတော်မြို့နယ် နတ်မဟုတ်ကြီးရွာက နေအိမ်တလုံးနဲ့ စပါးတိုက်တခုကို မီးရှို့ဖျက်ဆီးကာ ရွာသား ၈ ယောက်ကို အကြမ်းဖက်စစ်ကောင်စီက ရိုက်နှက် ခေါ်သွားပြီး ဘယ်မှာဖမ်းဆီးထားတယ်ဆိုတာ မသိရှိရသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

အင်းတော်မြို့နယ်မှာ တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေလို့ ပြည်သူတွေ ကြိုတင်ပြင်ဆင်ထားပြီး ဂရုတစိုက် နေထိုင်သွားလာကြဖို့ ဒေသတွင်း တော်လှန်ရေးအဖွဲ့က သတိပေး ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024