ပြည်တွင်း ပုဂ္ဂလိကဘဏ်တခုဖြစ်တဲ့ ဧရာဝတီဘဏ် (AYA)ကို အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲဖို့အတွက် ကုမ္ပဏီများဆိုင်ရာ မှတ်ပုံတင်အရာရှိထံ တင်ပြထားတယ်လို့ မြန်မာနိုင်ငံတော်ပြန်တမ်း အသိပေး ကြေညာထားချက်အရ သိရပါတယ်။
ကုမ္ပဏီကို အများပိုင်အဖြစ် ပြောင်းလဲဖို့အတွက် အသေးစိတ် အချက်အလက်တွေကို ကုမ္ပဏီများဆိုင်ရာ မှတ်ပုံတင်အရာရှိကို တင်ပြထားပြီး တရားရုံးအမိန့်အရ တားမြစ်ခြင်း မရှိပါက ကုမ္ပဏီအမျိုးအစား ပြောင်းလဲခြင်းဆိုင်ရာ အချက်အလက်တွေကို ပြောင်းလဲပေးမှာ ဖြစ်ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
AYA ဘဏ်ဟာ မြန်မာနိုင်ငံရဲ့ ထိပ်သီးစီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဇော် တည်ထောင်ထားတဲ့ ဘဏ်တခုဖြစ်ပြီး မြန်မာနိုင်ငံမှာ ဒုတိယအကြီးဆုံး ပုဂ္ဂလိကဘဏ်တခု ဖြစ်ပါတယ်။
လက်ရှိမှာ မြန်မာနိုင်ငံတွင်း ဘဏ်ခွဲပေါင်း ၂၆၀ ကျော် ဖွင့်လှစ်ထားပြီး သုံးစွဲသူပေါင်း ၃ ဒသမ ၂ သန်းကျော် ရှိပါတယ်။