DVB Logo
Home
မြန်မာသတင်း
ရွှေကုက္ကိုလ်ဒုစရိုက်နယ်မြေက ဥပဒေမဲ့လုပ်ငန်းများ ဒေသတွင်းထိခိုက်နိုင်
DVB
·
November 29, 2022
ရွှေကုက္ကိုလ်ဒုစရိုက်နယ်မြေက ဥပဒေမဲ့လုပ်ငန်းများ ဒေသတွင်းထိခိုက်နိုင်
Donate to DVB

ထိုင်းနိုင်ငံမှာ ဥပဒေမဲ့လုပ်ငန်းတွေ လာရောက်လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား စီးပွားရေးသမား တွေကို ဆက်တိုက်ဖမ်းဆီးနှိမ်နင်းနေရာမှာ တာ့ခ်ခရိုင် မဲဆောက်မြို့နယ် တဖက်ကမ်း မြန်မာနိုင်ငံ မြဝတီမြို့နယ်ထဲက ရွှေကုက္ကိုလ် စီးပွားရေးဇုန်ဟာလည်း  တရုတ်လုပ်ငန်းရှင်တွေနဲ့ ဆက်စပ်နေတာကြောင့် ဒေသတွင်း ထိခိုက်လာနိုင်တယ်လို့ ထိုင်း PBSသတင်းမှာ ဖော်ပြပါတယ်။

ရွှေကုက္ကိုလ်ဒေသထဲမှာ မြန်မာနယ်ခြားစောင့်တပ် BGF ခေါင်းဆောင် ဗိုလ်စောချစ်သူနဲ့ တရုတ်နိုင်ငံသား စီးပွားရေးလုပ်ငန်းရှင် ချွေကျိကျင်တို့ ပူးပေါင်းပြီး “YATAI International Holding Group” အမည်ရှိ ကုမ္ပဏီတည်ထောင်ထားကြောင်း၊ အဆိုပါ ကုမ္ပဏီဟာ ကေတီဗွီ၊ ကာစီနိုလောင်းကစားဝိုင်း၊ ကောလ်စင်တာ၊ စတဲ့ရုံတွေလည်း ဖွင့်လှစ်ထားပြီး နေရာပေါင်း ၁၇ ခုလောက်ရှိတယ်လို့ ဆိုပါတယ်။

ထိုင်းဘက်ခြမ်း တာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာနဲ့ အောက်တိုဘာလအတွင်း မြဝတီဘက်ကနေ မဲဆောက်ဘက်ကို တရားမဝင် ကျော်ဖြတ်လာတဲ့ ကမ္ဘောဒီးယား၊ တရုတ်၊ ဖိလစ်ပိုင် စတဲ့နိုင်ငံသား ၁၄ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။

ဒါ့အပြင် လူကုန်ကူးခံရသူ ကမ္ဘောဒီးယားနဲ့ တရုတ်နိုင်ငံသား ၅ ဦးကိုပါ ကယ်တင်ခဲ့ကြောင်း၊ သူတို့ရဲ့ ဖွင့်ဟပြောဆိုချက်အရ ရွှေကုက္ကိုလ်မှာ ဥပဒေမဲ့ ရာဇဝတ်မှုလုပ်ငန်းတွေ လုပ်ဆောင်နေပြီး လူကုန်ကူးခံရသူတွေဟာ ကောလ်စင်တာမှာ အဓမ္မလုပ်အားခိုင်းစေခံရတာ၊ ရိုက်နှက်နှိပ်စက်ခံရတာတွေရှိနေတယ်လို့ ဆိုပါတယ်။

အဆိုပါ ရွှေကုက္ကိုစီပွားရေးဇုန်ဟာ လာအိုနိုင်ငံရှိ ကင်းရိုမန်ကာစီနိုရုံတွေနဲ့လည်း ဆက်စပ်မှုရှိကြောင်း၊ အဲဒီဘက်က တရုတ်နိုင်ငံသားတွေဟာ ထိုင်းနိုင်ငံကို ကြားခံမြေအဖြစ် ဖြတ်သန်းပြီး မြဝတီ ရွှေကုက္ကိုလ်ဘက်မှာ အလုပ်သွားလုပ်ကြတယ်လို့ လာအိုနိုင်ငံ လ.ဝ.က ရဲတပ်ဖွဲ့က ထိုင်းပီဘီအက်စ်ကို ပြောပါတယ်။

ချင်းရိုင်းခရိုင် ကျိန်းဆဲန်မြို့နယ် လဝကရဲတွေဟာ ပြီးခဲ့တဲ့ ၂၀၁၈ မှ ၂၀၂၂ အတွင်း မဲခေါင်မြစ်ကနေ တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား စုစုပေါင်း ၁၃၀ ကျော် ဖမ်းဆီးရမိခဲ့ပြီး ၅၃ ဦးမှာ အထောက်အထား တစုံတရာမရှိကြောင်း၊ ဖမ်းဆီးခံရသူတွေ ပြောပြချက်အရ သူတို့ဟာ မြဝတီကာစီနိုရုံတွေမှာ အလုပ်သွားလုပ်ဖို့ ပွဲစားနဲ့ ဝင်ရောက်လာပြီး အထောက်အထားတွေကို ပွဲစားက သိမ်းထားတယ်လို့ ဆိုပါတယ်။

ဒါကြောင့် မြဝတီမြို့နယ်ရှိ ရွှေကုက္ကို စီးပွားရေးဇုန်ဟာ ထိုင်း၊ မြန်မာ၊ လာအို၊ တရုတ်၊ ကမ္ဘောဒီးယားစတဲ့ နိုင်ငံသားတွေကို ခြိမ်းခြောက်နေတဲ့ ဥပဒေကင်းမဲ့ဇုန် ဒုစရိုက်နယ်မြေတခု ဖြစ်တယ်လို့ သတင်းမှာ သုံးသပ်ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လကတော့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ဟာ ချွေကျိကျင် ဆိုသူ တရုတ်စီးပွားရေးလုပ်ငန်းရှင်တဦးကို ဖမ်းဆီးရမိခဲ့ကြောင်း၊ သူဟာ ထိုင်း၊ တရုတ်၊ ဖိလစ်ပိုင် စတဲ့ နိုင်ငံသားတွေဆီကနေ ဘတ်သန်းပေါင်း ၅,၀၀၀ ကျော် လိမ်လည်ထားတဲ့ အွန်လိုင်းလောင်းကစားဝိုင်း၊ ကောလ်စင်တာဂိုဏ်းခေါင်းဆောင်ဖြစ်ပြီး တရုတ်အစိုးရက ဖမ်းဝရမ်းထုတ်ထားသလို နိုင်ငံတကာရဲတပ်ဖွဲ့ (အင်တာပို) က အလိုရှိနေသူလို့ ဆိုပါတယ်။

ချွေကျိကျင်ဟာ ရွှေကုက္ကိုလ်မှာ ဖွင့်ထားတဲ့ “YATAI International Holding Group” ကုမ္ပဏီ ရှယ်ယာပိုင်ရှင်ဖြစ်ကြောင်း၊ ထိုင်းရဲတပ်ဖွဲ့က သူ့ကို ဖမ်းဆီးလိုက်ပေမဲ့လည်း သူ့ရဲ့လက်ဝေခံ နောက်ထပ် တရုတ်စီးပွားရေးလုပ်ငန်းရှင် ၂ ဦးဟာ ဆက်လက်လှုပ်ရှားနေတာကြောင့် ဒေသတွင်း ဥပဒေမဲ့လုပ်ငန်းတွေ ပျောက်ကွယ်သွားမှာ မဟုတ်ဘူးလို့ UNODC ကမ္ဘာ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့မှ မစ္စတာ ဂျယ်ရယ်မီ ဒေါက်ဂလပ်စ်က ထိုင်းပီဘီအက်စ်ကို ပြောပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ အာဆီယံနိုင်ငံက သက်ဆိုင်ရာတွေနဲ့ တွေ့ဆုံဆွေးနွေးပြီး ဒီပြဿနာကို ဖြေရှင်းသင့်ကြောင်း မစ္စတာ ဂျယ်ရယ်မီ ဒေါက်ဂလပ်စ်က အကြံပြုထားတယ်လို့ ထိုင်း PBS သတင်းမှာ ဖော်ပြပါတယ်။

Ref-PBS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013