
မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ နိုဝင်ဘာ ၂၈ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က ၂ ယောက် သေဆုံးကာ ၈ ယောက် ဒဏ်ရာရရှိပြီး ရွာ ၃ ရွာက နေအိမ် ၉၀ ကျော်ကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မြိုင် ပ.က.ဖ ကနေ သိရပါတယ်။
မနေ့မနက် ၇ နာရီ ၄၅ မိနစ်မှာ ဇီးပြားရဲစခန်းက ထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ လမ်းတလျှောက် တိုက်ပွဲဖြစ်ခဲ့ပြီး ညောင်ရင်းရွာအရောက်မှာ မိုင်း ၇ လုံးအပြင် လက်နက်ငယ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ မြိုင် ပ.က.ဖ တပ်ရင်း-၁ တပ်ရင်းမှူး ဗိုလ်လက်ယာက ပြောပါတယ်။
တိုက်ပွဲအတွင်းမှာ အထိနာသွားတဲ့ စစ်ကောင်စီတပ်ဟာ ညောင်ရင်းကျေးရွာက နေအိမ် ၈၆ လုံး၊ ဂဲပင်အင်းရွာက နေအိမ် ၆ လုံး၊ ဂွေးပင်အင်းရွာက နေအိမ် ၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒရုန်းနဲ့ တိုက်ခိုက်ရာမှာ ထိခိုက်ခဲ့တာကြောင့် အုပ်စုလိုက် ထွက်ပြေးသွားတယ်လို့ ဗိုလ်လက်ယာက ဆိုပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်လို့ သီးခြားအတည်မပြုနိုင်သလို စစ်ကောင်စီဘက်ကလည်း သတင်းမထုတ်ပြန်ပါဘူး။နိုဝင်ဘာ ၂၆ ရက်ကလည်း ပေါက်မြို့နယ် ဇီးပြားရဲစခန်းက ပျူစောထီး သင်တန်းနေရာကို ဒရုန်းနဲ့ အီနာဂါဗုံးသီးချ တိုက်ခိုက်ခဲ့ပြီးနောက် အဲဒီစခန်းက စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေပေါင်းပြီး နိုဝင်ဘာ ၂၇ ရက် မနက်ပိုင်းမှာ အောင်စည်ရွာက နေအိမ် ၅၆ လုံးကို မီးရှို့ခဲ့ပါတယ်။