DVB Logo
Home
မြန်မာသတင်း
တနင်္သာရီတိုင်းတွင် ဗိုလ်မှူး ၁ ဦးပစ်သတ်ခံရ၊ တိုက်ပွဲများကြောင့် ပြည်သူများ စစ်ဘေးရှောင်
DVB
·
November 29, 2022
တနင်္သာရီတိုင်းတွင် ဗိုလ်မှူး ၁ ဦးပစ်သတ်ခံရ၊ တိုက်ပွဲများကြောင့် ပြည်သူများ စစ်ဘေးရှောင်
1 / 2
Donate to DVB

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ဘုတ်တောင်မှာ မြိတ်မြို့ကနေ ထားဝယ်ကို ခရီးသည်ကားနဲ့ လိုက်ပါလာတဲ့ စစ်ကောင်စီတပ်က ဗိုလ်မှူးတဦးကို နိုဝင်ဘာ ၂၆ ရက် ညပိုင်းမှာ ဖမ်းဆီးခဲ့ရာ ပြန်လည်ခုခံတာကြောင့် ပစ်သတ်ခဲ့ရတယ်လို့ ကစယ်ဒို ဖက်ဒရယ်စစ်ကြောင်းက သိရပါတယ်။

အသတ်ခံရတဲ့ ဗိုလ်မှူးဝင်း‌ဌေးနိုင် (ကြည်း-၃၅၃၆၆) ဟာ စစ်ကောင်စီရဲ့ အမှတ် ၁၂ တပ်မတော်တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းကနေ လမ်းကြုံလိုက်လာတယ်လို့ သိရပြီး ဖမ်းဆီးခဲ့ရာမှာ ကရာဒိုစစ်ကြောင်းတပ်သားတဦးဆီက လက်နက်လုပြီး ပြန်လည်ခုခံတဲ့အတွက် ပစ်သတ်ခဲ့ရတယ်လို့ ကစယ်ဒိုဖယ်ဒရယ်စစ်ကြောင်းမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

“စကစဘက်က ဗိုလ်မှူးဝင်းဌေးနိုင် ပါလာတယ်ဆိုတာ သတင်းရလို့ပါ။ ကျနော်တို့ စစ်ကြောင်းအတွက် ကြီးတဲ့ပစ်မှတ်ကို လုပ်နိုင်တယ်ဆိုတော့ ဂုဏ်ယူစရာပေါ့။ အဲဒါနဲ့ပဲ ကျနော်တို့က ကျေနပ်နေမှာမဟုတ်ဘူးပေါ့။ ဆိုတော့ ပြည်သူတရပ်လုံး လွတ်မြောက်ရေးအတွက် ကျနော်တို့ အကောင်းဆုံး ကြိုးစားနေပါတယ်။”

အခုလို ဗိုလ်မှူးတဦး သေဆုံးတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးဘူးလို့ သိရပါတယ်။

တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာမှာ ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေတာကြောင့် လယ်သစ်ကျေးရွာက ဒေသခံပြည်သူတွေ ထွက်ပြေးနေရပြီး စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။

လယ်သစ်ကျေးရွာကနေ ထွက်ပြေးတိမ်း‌‌ရှောင်သူ ၃,၂၃၆ ဦးရှိပြီး အဲဒီထဲက အမျိုးသား ၁,၆၉၉ ဦးနဲ့ အမျိုးသမီး ၁,၅၃၇ ဦးပါဝင်ကာ တချို့က နီးစပ်ရာ ကျေးရွာတွေနဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ ထွက်ပြေးတိမ်းရှောင်နေသလို တချို့ကတော့ ကျေးရွာနားက တောင်‌ပေါ်ဥယျာဉ်ခြံတွေထဲ ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။

ကူညီပေးနေတဦးက “တိုက်ပွဲတွေ ဖြစ်ပွားပြီးတဲ့နောက် စစ်ကောင်စီဘက်က နေအိမ်တွေကို မွှေနှောက်ဖျက်ဆီးတယ်။ ရွာသားတွေကလည်း ကြောက်လို့ ထွက်ပြေးတိမ်းရှောင်ကြတယ်။ စစ်ရှောင်တွေ အဓိကလိုအပ်နေတာက စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေပါ” လို့ ဆိုပါတယ်။

တနင်္သာရီမြို့နယ် လယ်သစ်ကျေးရွာထဲမှာ နိုဝင်ဘာ ၂၅ ရက်မှ ၂၉ ရက်အထိ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပြီး ကျေးရွာတွေအနေနဲ့ စစ်ကောင်စီစစ်ကြောင်းတွေ ဝင်လာရင် ကျေးရွာထဲမှာမနေဘဲ ဘေးလွတ်ရာမှာ နေထိုင်ကြဖို့ကို သတိပေးထားတာလည်း ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013