DVB Logo
Home
မြန်မာသတင်း
မောင်တောနယ်စပ်၌ မည်သည့်လက်နက်ကိုင်အဖွဲ့မျှ လက်မခံနိုင်ဟု အေအေပြော
DVB
·
November 29, 2022
မောင်တောနယ်စပ်၌ မည်သည့်လက်နက်ကိုင်အဖွဲ့မျှ လက်မခံနိုင်ဟု အေအေပြော
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းနယ်စပ်မှာ ရက္ခိုင့်တပ်တော်မှအပ တခြား ဘယ်လက်နက်ကိုင်အဖွဲ့တွေကိုမှ လက်မခံနိုင်ကြောင်း နိုဝင်ဘာ ၂၈ ရက် သတင်းစာရှင်းလင်းပွဲမှာ ULA/AA ရဲ့ ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။

“ရခိုင်ပြည်မှာ လူမျိုးရေး၊ ဘာသာရေး အကြောင်းပြလို့ဖြစ်ဖြစ်၊ တခြား ဘယ်အကြောင်းအရာနဲ့မဆို တခြားလက်နက်ကိုင်တပ်တွေ လာရောက်အခြေစိုက်တာတွေ။ နောက် အချောင်နေရာယူတာတွေကိုတော့ ကျနော်တို့ လက်မခံနိုင်ပါဘူး။ ဒီလိုလုပ်ရပ်တွေက ကျနော်တို့ အနာဂတ်နိုင်ငံအတွက် အလွန်မှ အန္တရာယ်ရှိတဲ့ကိစ္စ ဖြစ်တယ်။ လူမျိုးရေး၊ ဘာသာရေး ကိစ္စတွေနဲ့ နောက် တခြား နိုင်ငံရေး ဝိရောဓိကိစ္စတွေ​ရှိနေတဲ့ နယ်စပ်နေရာမှာ အခုလို လက်နက်ကိုင်တပ်ဖွဲ့တွေများစွာရှိရင် အနာဂတ် ဒေသတည်ငြိမ်ရေးနဲ့ လုံခြုံရေးအတွက် အန္တရာယ်နဲ့ ပြဿနာများစွာ ရှိလာနိုင်တဲ့အတွက် ရက္ခိုင့်တပ်တော်ကလွဲပြီး မည်သည့်လက်နက်ကိုင်အဖွဲ့မှ မရှိစေရဆိုပြီး  ရက္ခိုင့်တပ်တော်က ရှင်းရှင်းလင်းလင်း ​ပြောပြီးသား ဖြစ်ပါတယ်။”

၂၀၂၂ ခုနှစ် သြဂုတ်လဆန်းပိုင်းက အေအေ တိုက်ယူထားတဲ့ နယ်ခြားစောင့်စခန်းတွေနဲ့  ရိက္ခာပြတ်လပ်လာတဲ့အတွက် နောက်ဆုတ်သွားပေးလိုက်ရတဲ့ နယ်ခြားမှတ်တိုင်စခန်းတွေမှာ ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့အစည်း (RSO) တပ်ဖွဲ့တွေက သူတို့ တိုက်ခိုက် သိမ်းပိုက်ထားသလို ဗွီဒီယိုတွေရိုက်တင်ပြီး လူတွေ အထင်လွဲအောင် ဝါဒဖြန့်နေတာတွေ ရှိခဲ့ပြီး အေအေဘက်ကလည်း  ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်မ ၇၇ နဲ့ ၂၂ ကို ကြားဖြတ်ရင်ဆိုင် တိုက်ခိုက်နေရတဲ့အချိန်မှာ RSO အဖွဲ့တွေက လူတွေအထင်လွဲအောင် ပြုလုပ်ခဲ့တာကြောင့် စကားနဲ့ပြောမရတဲ့အတွက် အင်အားသုံး ဖြိုခွင်းခဲ့ကြောင်း အေအေ ပြောခွင့်ရ ခိုင်သုခက ဆက်လက်ပြောဆိုပါတယ်။

“မောင်တောမြောက်ပိုင်းမှာ ရက္ခိုင့်တပ်တော်က စစ်ကောင်စီစခန်းတွေကို သိမ်းနိုင်ခဲ့တဲ့ စခန်းတွေရှိသလို နှစ်ဖက် အပြန်အလှန်ပိတ်ဆို့တဲ့အတွက် ရိက္ခာပြတ်လပ်ပြီး နောက်ဆုတ်သွားကြတဲ့ စစ်ကောင်စီစခန်းတွေလည်း ရှိတယ်။ အဲဒီလိုအချိန်မှာ မောင်တောမြောက်ပိုင်းကို စစ်ကြောင်းထိုးလာတဲ့ တပ်မ ၇၇ နဲ့ တပ်မ ၂၂ ကို ကျနော်တို့ဘက်က ရှေ့ကို ရင်ဆိုင်တိုက်ခိုက်နေရချိန်မှာ နောက်မှာလွတ်နေတဲ့ စစ်ကောင်စီ တပ်စခန်းတွေမှ RSO အဖွဲ့တွေက သူတို့ တိုက်ယူထားတဲ့ ပုံစံမျိုးနဲ့ လူထုအထင်မှားအောင် ဗွီဒီယိုတွေရိုက်ပြီး ရည်ရွယ်ချက်ရှိရှိ သူတို့ထိန်းချုပ်နယ်မြေတွေအဖြစ် လိမ်ညာပြီး သတင်းဖြန့်ခဲ့တာတွေရှိတယ်။ နောက်ပိုင်းမှာ သူတို့ကို ကျနော်တို့ဘက်က အေးအေးဆေးဆေး စကားနဲ့ပြောဆိုတာကို ခေါင်းမာစွာနဲ့ သူတို့တိုက်ထားတဲ့ နယ်မြေပုံစံမျိုး ပြောလာတဲ့အတွက် ကျနော်တို့ဘက်က အင်အားသုံးပြီး ဖြေရှင်းခဲ့ရတာတွေ ရှိပါတယ်။”

မြန်မာ-ဘင်္ဂလားနယ်စပ် နယ်ခြားမှတ်တိုင် BP ၄၀ မှ ၅၃ အထိ အင်အား ၂၀ နဲ့ ၃၀ ရှိ စခန်းငယ်တွေကို ရက္ခိုင့်တပ်တော်ဘက်က သိမ်းနိုင်ခဲ့ပြီး အင်အား ၇၀ နဲ့ ၁၀၀ ကြားစခန်းတွေမှာ အေအေရဲ့ ပိတ်ဆို့မှုကြောင့် ရိက္ခာပြတ်လပ်ပြီး နောက်ဆုတ်သွားခဲ့ရတာတွေ ရှိခဲ့တာပါ။

အောက်တိုဘာ ၁၀ ရက် မနက်မှာ မောင်တောမြို့နယ်မြောက်ပိုင်း နယ်မြေ ၄ လိပ်လ နယ်ခြားစောင့်စခန်း၊ သြဂုတ် ၃၀ ရက်က မိုင်တိုင် ၄၀ အနီးရှိ နယ်ခြားစောင့်တပ်စခန်းနဲ့ စက်တင်ဘာ ၁၁ ရက်က ခမရ ၃၅၂ တပ်စခန်း၊ စက်တင်ဘာ ၁၅ ရက်က မီးတိုက်ကျေးရွာအနီးရှိ စစ်ကောင်စီ လက်နက်ကြီးအထိုင်ချစခန်းကို အေအေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

ရက္ခိုင့်တပ်တော် သိမ်းပိုက်ခဲ့တဲ့ မြန်မာ-ဘင်္ဂလားနယ်စပ် နယ်ခြားမှတ်တိုင် BP ၄၀ မှ ၅၃ ကြားရှိ မိုင်တိုင် ၄၅ စခန်းနဲ့ တခြားစခန်း ၃ ခုမှာ RSO တပ်ဖွဲ့တွေက နေရာယူထားကြောင်း သူတို့ရဲ့ လူမူကွန်ရက် စာမျက်နှာတွေမှာ ဗွီဒီယိုတွေ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013